ကွတ်ခိုင်မြို့ထဲသို့ ပို့ဆောင်မည့် ဘိန်းဖြူများ မြို့အ၀င်၌ ဖမ်းဆီးရရှိ

ကွတ်ခိုင်မြို့ထဲသို့ ပို့ဆောင်မည့် ဘိန်းဖြူများ မြို့အ၀င်၌ ဖမ်းဆီးရရှိ
ဇန်နဝါရီ 15, 2015
By Tachileik News Agency

ရှမ်းပြည်နယ်၊ မြောက်ပိုင်းဒေသ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့တွင် ကျပ်သိန်းပေါင်း (၁၄၅)သိန်းကျော် တန်ဖိုးရှိသည့် ဘိန်းဖြူများကို သယ်ဆောင်လာသူနှင့်အတူ ၂၀၁၅ခုနှစ် ဇန်န၀ါရီလ(၁၄)ရက်နေ့ ည(၈)နာရီခန့်က ဖမ်းဆီးရမိကြောင်း မူးယစ်တပ်ဖွဲ့စု (၂၂)မူဆယ်၊ ကွတ်ခိုင်လှုပ်ရှားအဖွဲ့မှ သိရသည်။

ကွတ်ခိုင် - ကောင်းခါး သွား ကားလမ်း ကွတ်ခိုင်မြို့အထွက် ယူကလစ်တောအနီး လမ်းမပေါ်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၂၂)မူဆယ်၊ ကွတ်ခိုင်လှုပ်ရှားအဖွဲ့ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါး သတင်းအရ စောင့်ဆိုင်းနေကြစဉ်မှာ လွယ်ခန်ရွာဘက်မှ ကွတ်ခိုင် ဘက်သို့ မောက်ကျားကွေ့(ကျား) မောင်းနှင်လာသည့် ဆိုင်ကယ်အား ရပ်တန့် စစ်ဆေးရှာဖွေရာမှ မူးယစ်ဆေးဝါးများကို ဖမ်းဆီးသိမ်းဆည်းရမိတာ ဖြစ်ကြောင်း မူးယစ်တပ်ဖွဲ့မှ သိရသည်။

"မောက်ကျားကွေ့ မောင်းလာတဲ့ ဆိုင်ကယ်ကို ရပ်တန့် စစ်ဆေးရှာဖွေတော့ နီ/နက်ကြား လက်ဆွဲအိတ် အတွင်းထဲက ဆပ်ပြာခွက်များနဲ့ ထည့်ထားတဲ့ ဘိန်းဖြူတွေကို ဖမ်းဆီးသိမ်းဆည်းရမိပါတယ်၊ ဘိန်းဖြူ ထည့်ထားတဲ့ ဆပ်ပြာခွက် (၁)ခွက်ကို ချိန်တွယ်ကြည့်တဲ့အခါမှာ အလေးချိန်က (၁၁)ဂရမ်ခန့် ရှိတာဆိုတော့ ဆပ်ပြာခွက် စုစုပေါင်း (၆၆)ခွက်မှာ ဘိန်းဖြူ စုစုပေါင်း အလေးချိန် (၇၂၆)ဂရမ်ခန့်ရှိပါတယ်၊ ကာလတန်ဖိုးငွေကတော့ ကျပ်သိန်းပေါင်း (၁၄၅.၂)သိန်းလောက်ရှိပါတယ်..."ဟု အဆိုပါ မူးယစ်တပ်ဖွဲ့ရှိ တာဝန်ရှိသူမှ ပြောသည်။

"ယခု ဖမ်းဆီးရမိသော ဘိန်းဖြူများကို ကွတ်ခိုင်မြို့ထဲသို့ သယ်ဆောင်ခ ရယူပြီး ပို့ဆောင်ပေးရန်အတွက် မန်တာရွာ နေအိမ်မှ ကွတ်ခိုင်မြို့သို့ ထွက်ခွာလာခဲ့ရာမှ ကွတ်ခိုင်မြို့အ၀င် ယူကလစ်တော အရောက်မှာ ယခုလို ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း" ဘိန်းဖြူများကို သယ်ဆောင်လာသူမှ ထွက်ဆိုသည်ကို ယင်းမူးယစ်တပ်ဖွဲ့ မှတ်တမ်းအရ သိရသည်။

မူးယစ်ဆေးဝါးများကို သယ်ဆောင်လာသူ မောက်ကျားကွေ့အား ကွတ်ခိုင်မြို့မရဲစခန်းတွင် မယ(ပ)၇/၂၀၁၅၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့်အရေးယူထားရှိကြောင်း သိရှိရသည်။

 Tachileik Online News ( www.tachileik.net  ) 
~~~~~~~~~~ ကြော်ငြာ ~~~~~~~~~