တာချီလိတ်မြို့နယ် ကိုယ်စားပြု ရည်ညွှန်းစာကြည်တိုက်အား ပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် အောင်မြင်စွာ ဖွင့်လှစ်

တာချီလိတ်မြို့နယ် ကိုယ်စားပြု ရည်ညွှန်းစာကြည်တိုက်အား ပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် အောင်မြင်စွာ ဖွင့်လှစ်
ဇန်နဝါရီ 19, 2015
By Tachileik News Agency

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မြို့နယ်စာရေးဆရာအသင်းရုံးတွင် ဇန်န၀ါရီလ (၁၈)ရက်နေ့က  အများပြည်သူများ စာပေအရပ်ရပ်များကို လွယ်ကူစွာ လေ့လာဖတ်ရှုနိုင်ရေးအတွက် တာချီလိတ်မြို့နယ် ကိုယ်စားပြု ရည်ညွှန်းစာကြည့်တိုက်ကို စတင်ဖွင့်လှစ်ခဲ့ကြသည်။

“ဒေသတွင်းမှာ ရှိတဲ့ အများပြည်သူတွေကို သုတ၊ ရသတွေ ဖတ်စေချင်တာပါ။ အရည်အသွေးမြင့်တဲ့ စာတွေကို အညွှန်းခွဲပြီး အဆင့်မြင့် စာကြည့်တိုက်တွေမှာလို ရည်ညွှန်းခွဲပြီး ဖတ်ရှုမှတ်သားနိုင်အောင် တည်ဆောက်ထားတာပါ၊ လူတွေကို ဒီစာကြည့်တိုက်က ပညာဥာဏ် အလင်းပွင့်စေချင်တာပါ လူ့အခွင့်အရေး အပြည့် ပေးထားတယ်...”ဟု တာချီလိတ်မြို့နယ် စာရေးဆရာအသင်း ဥက္ကဌ ဦးထိန်မင်းမှပြောသည်။

စာပေဗဟုသုတများကို တစ်စုတစ်စည်း ဖတ်ရှုနိုင်ရန် ရည်ညွှန်းစာကြည်တိုက်ကို ဒေသခံပြည်သူများ ၊ ဌာနဆိုင်ရာများ ၊ လုပ်ငန်းရှင်များက အလှူငွေ နှင့် ရှားပါးစာအုပ်များလှူဒါန်း ခဲ့ခြင်းကြောင့် အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ စာကြည့်တိုက်တွင် သုတရသ စာအုပ်စာစောင် ၅၂၀၀ ကျော်ရှိပြီး စာအုပ်စာစောင် နှင့် ပရိဘောဂ ပစ္စည်းတန်းဖိုး အပါအ၀င်ငွေကျပ် (၁၅၇) သိန်းကျော်တန်းဖိုးရှိကြောင်းနှင့် အင်တာနက်အသုံးပြုရန် Wifi တပ်ဆင်ပေးထားကြောင်း ၎င်းထံမှသိရသည်။

မြို့နယ်စာရေးဆရာအသင်းမှ တာချီလိတ်မြို့နယ် ကိုယ်စားပြု ရည်ညွှန်းစာကြည့်တိုက်ကို ဆန်ဆိုင်း(ခ)ရပ်ကွက် အတွင်း၌ အခြေစိုက် ဖွင့်လှစ်ထားရှိသည့် တာချီလိတ်မြို့နယ် စာရေးဆရာ အသင်းရုံးတွင် ဖွင့်လှစ်ထားရှိပြီး မြို့နယ်စာရေးဆရာများအသင်းအား ၁၉၉၉ ခုနှစ် မေလ ၁၇ ရက်မှ ကော်မတီဝင်(၅)ဦး ဖွဲ့စည်းထား ခြင်းဖြစ်ကာ ၂၀၁၅ ခုနှစ်တွင် (၁၄)ဦးရှိပြီဖြစ်ကြောင်းနှင့် စာရေးဆရာအသင်းရုံး အဆောက်အဦအား ၂၀၁၃ ခုနှစ် ဖေဖေါ်ဝါရီလ(၂၅)ရက်နေ့က ဖွင့်လှစ်နိုင်ခဲ့ကြောင်း၎င်း ထံမှ ဆက်လက် သိရှိရသည်။

“စာအုပ်တွေကို အတန်းအစား အလိုက်ခွဲခြားထားပါတယ်၊ သုတ၊ ရသ၊ ပထ၀ီ၊ သမိုင်းစာပေကနေ စွယ်စုံကျမ်း၊ သတင်းစာဂျာနယ် အားလုံးကို တတ်နိုင်သလောက် လုပ်ထားပါတယ်၊ နောက်ပြီး Wifi အလကားပေးသုံးမှာပါ”ဟု စာကြည့်တိုက်မှူး ဦးစိုးသီဟစိုး မှပြောသည်။

လူတိုင်းတက်နိုင်သော အခကြေးငွေဖြင့် စာကြည့်တိုက်အသင်း ၀င်ခွင့်ပြုမှာဖြစ်ပြီး ငှါးရမ်းမည့်စာအုပ်နှင့် စာကြည့်တိုက်အတွင်း ကြည့်ရန်ဟူ၍ ခွဲခြားထားကြောင်း၊ ၎င်းငွေကြေးများအား စာအုပ်ထပ်မံဝယ်ယူရန် အတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ စာကြည့်တိုက်အား (၂၄)နာရီ ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းထားကြောင်း၊စာကြည့်တိုက်ရှိ စာအုပ်များအား တာချီလိတ်မြို့ပေါ်ရှိ အများပြည်သူများမှ လှူဒါန်းထားခြင်းနှင့် တာချီလိတ် စာရေးဆရာများကိုယ်တိုင် ၀ယ်ယူစုဆောင်း ထားခြင်းများဖြစ်ကြောင်းနှင့် စာကြည့်တိုက်တွင် စာပေများအား သက်ဆိုင်ရာ သိလိုသည့် ကဏ္ဍအလိုက် အလွယ်တကူ ဖတ်ရှုလေ့လာ မှတ်သားနိုင်စေရန် စီစဉ်ဆောင်ရွက်ထားကြောင်း ၎င်းထံမှသိရသည်။

အဆိုပါ စာကြည့်တိုက်၏ ဖွင့်ပွဲအဖြစ် ကျင်းပပြုလုပ်ရာတွင် တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ မြန်မာနိုင်ငံစာရေးဆရာ အသင်း(ဗဟို)မှ စာရေးဆရာ ကောင်းသန့် နှင့် တာချီလိတ်မြို့နယ် စာရေးဆရာအသင်းမှ ရည်ညွှန်းစာကြည့်တိုက်ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဌ စာရေးဆရာ မောင်ဖိုးစံ(ဒူးယား)(ရဲအုပ်စံသိန်း)တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြသည်။

ပုံများကိုကြည့်ရန်
တာချီလိတ်မြို့နယ် ကိုယ်စားပြု ရည်ညွှန်းစာကြည်တိုက်အား.............

 Tachileik Online News ( www.tachileik.net  ) 
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~