တာချီလိတ်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်ပွဲတော် ဖြစ်မြောက်ရေးကော်မတီမှ ဗိုလ်ချုပ်အောင်ဆန်း၏ နှစ်တစ်ရာပြည့်မွေးနေ့ အထိမ်းအမှတ် အင်္ကျီ၊ လွယ်အိတ်နှင့် ဦးထုပ်တို့အား အများပြည်သူများ အမှတ်တရ ၀တ်ဆင်နိုင်ရန်အတွက် ရောင်းချပေးနေလျက် ရှိကြောင်း သိရသည်။
ဗိုလ်ချုပ်အောင်ဆန်း အမှတ်တရ အင်္ကျီ အထည်(၁၀၀၀)၊ လွယ်အိတ်အလုံး(၂၀၀)နှင့် ဦးထုပ် အလုံး(၁၀၀)အား ရောင်းချလျှက်ရှိကြောင်း၊ တာချီလိတ်မြို့တွင်းရှိ အများပြည်သူများနှင့် ထိုင်းနိုင်ငံ အတွင်းမှ ရွှေ့ပြောင်းမြန်မာလုပ်သားများ ၀ယ်ယူကြကြောင်းနှင့် အင်္ကျီတစ်ထည်(၁၀၀)ဘတ်၊ လွယ်အိတ်(အနီ)တစ်လုံး(၂၀၀)ဘတ်၊ လွယ်အိတ်(ဖျင်ကြမ်း)တစ်လုံး(၁၅၀)ဘတ်၊ ဦးထုပ်တစ်လုံး (၁၀၀)ဘတ်ဖြင့် ရောင်းချပေးလျက်ရှိကြောင်း အမှတ်တရပစ္စည်း ရောင်းချရေး တာဝန်ခံထံမှ သိရသည်။
“ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ အမှတ်တရ ပစ္စည်းတွေကို ရာပြည့် အထိမ်းအမှတ်အနေနဲ့ သိမ်းထားချင်တာရော၊ ဒီလို ရာပြည့်အထိမ်းအမှတ်ဆိုတာ ကျွန်တော်တို့ ဘ၀သက်တမ်း တစ်ခုမှာ ပြန်မရနိုင်တော့ဘူးလေ.. ဒါကြောင့် အမှတ်တရအနေနဲ့ ၀ယ်ဖြစ်တာပါ”ဟု အမှတ်တရ အင်္ကျီဝယ်ယူသူ ကိုသားထွေးမှ ပြောသည်။
ဗိုလ်ချုပ်အောင်ဆန်း ရာပြည့် အထိမ်းအမှတ် ပစ္စည်းများအား (၄)ရက်အတွင်း ရောင်းချမှုမှာ လေးပုံသုံးပုံခန့် ကုန်သွားကြောင်းနှင့် နေရာအနှံ့အပြားတွင် ဖွင့်လှစ်ရောင်းချလျှက်ရှိကြောင်း၊ ယခုလက်ရှိ ဘုရင့်နောင်ရင်ပြင်ရှေ့နှင့် မကာဟိုခမ်းရပ်ကွက်ရှိ ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးရှေ့တွင် ရောင်းချလျက်ရှိရာ ၀ယ်သူများပြားသဖြင့် အမှတ်တရပစ္စည်းများအား ထပ်မံမှာထားကြောင်းနှင့် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ဖေဖေါ်ဝါရီလ(၁၃)ရက်နေ့အထိ ရောင်းချသွားမည်ဖြစ်ကြောင်း အမှတ်တရပစ္စည်း ရောင်းချရေး တာဝန်ခံထံမှ သိရသည်။
တာချီလိတ်မြို့တွင် ဗိုလ်ချုပ်အောင်ဆန်း၏ ရာပြည့် အထိမ်းအမှတ် ပွဲတော်ကျင်းပမည်ဖြစ်ရာ နိဗ္ဗာန်ဈေးပွဲတော်၊ ကျောင်းသူကျောင်းသားများ၏ ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ၊ ဖျော်ဖြေရေး အစီအစဉ်များနှင့် အားကစားပြိုင်ပွဲများပါဝင်ကြောင်း ပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီမှ သိရှိရသည်။