ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ရပ်ကွက်များအတွင်း လေလွင့်သွားလာနေသော ခွေးများအား အများပြည်သူများ အနှောင့်အယှက် မဖြစ်စေရေးနှင့် မြို့အင်္ဂါရပ်နှင့် ညီညွတ်စေရန် ခွေးရူးရောဂါများ မဖြစ်ပေါ်စေရေးအတွက် ခွေးရူးနှိမ်နင်းရေးအဖွဲ့ဖြင့် လမ်းမပေါ်ရှိ လေလွင့်ခွေးများအား (၂)ရက်ဆက်တိုက် အဆိပ်ကျွေးနှိမ်နင်းသွားမည်ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီမှ သိရသည်။
လေလွင့်ခွေးများအား နှိမ်နင်းမှုများနှင့် ပတ်သက်၍ ဇန်န၀ါရီ (၂၈)ရက်နေ့ ည(၁၀)နာရီမှ နောက်တစ်နေ့ နံနက်(၂)နာရီ အချိန်ထိ အမှတ်(၁)ချစ်ကြည့်ရေး တံတားအနီး အ၀ိုင်းထိပ်၊ မဉ္ဇူလမ်းထိပ်၊ ရွှေငါးတံတားထိပ်၊ အ.ထ.က(တာချီလိတ်)ရှေ့၊ ဂေါက်ကွင်းလမ်းထိပ်၊ မြို့ပတ်လမ်းနှင့် မေဖလားဝါးကွင်းတို့တွင် လည်းကောင်း၊ နောက်တစ်နေ့ ဇန်န၀ါရီ (၂၉)ရက် ညပိုင်း(၁၀)နာရီမှ နောက်တစ်နေ့ နံနက်(၂)နာရီ အချိန်ထိ ခရိုင်ရဲရုံးရှေ့၊ အမှတ်(၂)ချစ်ကြည်ရေးတံတား၊ ပါလျှံ (၃)ဈေးလမ်းထိပ်၊ အခါဈေးလမ်းထိပ်နှင့် မြို့အ၀င် ကြိုဆိုပါ၏ ဆိုင်းဘုတ်အနီးတို့တွင် အစာအဆိပ်ကျွေး၍ နှိမ်နင်းသွားမှာ ဖြစ်ကြောင်း သိရသည်။
ရပ်ကွက်အတွင်း နေထိုင်ကြသော အများပြည်သူများ မိမိတို့၏ အိမ်မွေးခွေးများအား စနစ်တကျ ထိန်းသိမ်းမွေးမြူသွားကြရန်နှင့် မြို့ပေါ်ရပ်ကွက်များရှိ လမ်းမကြီးများ၊ လမ်းသွယ်များ၊ မြေကွက်လပ်များတွင် ဖြတ်သန်းသွားစေခြင်းနှင့် စည်းကမ်းမဲ့ လွှတ်ထားခြင်း မပြုလုပ်ရန် စည်ကမ်းမဲ့ လွှတ်ထား၍ ခွေးများ နှိမ်နင်းမှုတွင် ပါဝင်သွားပါက ခွေးပိုင်ရှင်များ၏ တာဝန်သာဖြစ်ကြောင်းကို စည်ပင်သာယာရေးကော်မတီ၏ အသိပေးကြေငြာချက်အရ သိရသည်။