မြို့နယ်အဆင့် မြစိမ်းရောင် ကျေးရွာ စီမံကိန်း အခြေအနေ တာချီလိတ်၌ သုံးသပ်ဆွေးနွေး

မြို့နယ်အဆင့် မြစိမ်းရောင် ကျေးရွာ စီမံကိန်း အခြေအနေ တာချီလိတ်၌ သုံးသပ်ဆွေးနွေး
ဇန်နဝါရီ 23, 2015
By Tachileik News Agency

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ အောင်မြတ်ခန်းမတွင် မြို့နယ်အဆင့် မြစိမ်းရောင် ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲအား ယနေ့ဇန်န၀ါရီ (၂၃)ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

“နိုင်ငံတော် ဆင်းနွမ်းပါးမှု လျှော့ချရေး ရည်မှန်းချက်ကို အကောင်အထည်ဖော်ရာမှာ ၂၀၁၅ ခုနှစ်အတွင်း ဆင်းရဲနွမ်းပါးမှု (၁၆%)လျှော့ချရေး ပါဝင်တဲ့ အတွက် မြစိမ်းရောင်စီမံကိန်းဟာ ကျေးလက်နေ ပြည်သူများရဲ့ လူမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိစေရန် ရည်ရွယ်ချက်ဖြစ်ပါတယ်..”ဟု တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းမှ အဖွင့်အမှာ စကားတွင် ထည့်သွင်းပြောကြားသည်။

တာချီလိတ်မြို့နယ်တွင် ကျေးရွာ(၈)ရွာ၊ အိမ်ထောင်စု(၆၁၅)စု၊ နှင့် လူဦးရေ(၂၇၀၆)ဦးအား စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိကြောင်း ၎င်းမှပြောသည်။

“ကျေးရွာတစ်ရွာကို ကျပ်သိန်း(၃၀၀)နှုန်းနဲ့ မွေးမြူရေးနဲ့ စိုက်ပျိုးရေး လုပ်ကိုင်နိုင်အောင် အတိုးနှုန်း နည်းပါးစွာ ပြည်နယ်အစိုးရက ချပေးထားတာပါ”ဟု ယင်းလုပ်ငန်း အကောင်အထည်ဖော်ရေး အဖွဲ့ဝင်၊ မြို့နယ်အထောက်အကူပြုကော်မတီ ဥက္ကဌ ဦးကြည်မြင့်မှ ရှင်းလင်းပြောကြားသည်။

မြစိမ်းရောင်ရန်ပုံငွေမှာ အတိုးနှုန်း ငွေကျပ်တစ်ရာလျှင် တစ်လ(၅၀)ပြားနှုန်းမှ (၁)ကျပ် (၅၀)ပြားနှုန်းဖြစ်သည့် အတွက် တစ်ဦးတစ်ယောက်မှ ချေးငွေပြန်မဆပ်နိုင်ပါက ရန်ပုံငွေ ဆုံးရှုံးမှု ပဏာမကြီးမားသဖြင့် ကျန်ချေးငွေများမှ ရရှိမည့် အတိုးရငွေနှင့် လုံးဝကာမိမည် မဟုတ်ကြောင်း၊ ကျေးရွာသားများ အနေနှင့် နေ့စဉ်ဝင်ငွေ တိုးရရှိရန်နှင့် အရင်းမပျောက်ရန် အရေးကြီးကြောင်း ၎င်းမှ ဆက်လက်ပြောကြားသည်။

“စီမံကိန်းဆောင်ရွက်တဲ့ ကျေးရွာတွေမှာ အားနည်းချက်ကတော့ ဘာသာစကား မပေါက်ရောက်တာနဲ့ စာရင်းဇယား နိုင်နင်းခြင်းမရှိတာ၊ အဲ့ဒါကို ကျွန်တော်တို့ သင်တန်းတွေ ပေးပြီး ပြင်ဆင်နေပါတယ်၊ ရုံးက၀န်ထမ်းတွေ ကျေးရွာတွေထိ လိုက်ဆင်းပြီး လိုအပ်တာတွေ ကူညီပေးနေပါတယ်၊ ယခုလက်ရှိ ကျေးရွာ (၇)ရွာကို အကောင်အထည်ဖေါ် ဆောင်ရွက်နေပါတယ် ”ဟု မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ် ဦးစီးမှူး ဦးတင်ဝင်းမောင်မှ ရှင်းလင်းပြောကြားသည်။

ကျေးရွာများအတွင်း အကောင်အထည်ဖော်မှုတွင် ဒေသခံပြည်သူများမှာ အများစုမှာ ပညာတတ် နည်းပါးခြင်းကြောင့် စာရင်းဇယားကိုင်တွယ်မှု မပြည့်စုံကြောင်းနှင့် တိုင်းရင်းသား ဘာသာစကားသာ ပြောဆို တက်ခြင်းကြောင့် အခက်အခဲကြုံတွေ့ရကြောင်း ၎င်းမှ ဆက်လက်ပြောသည်။

ယင်းအခမ်းအနားတွင် စပယ်/ဆန်နား ကျေးရွာအတွက် စီမံကိန်းဆောင်ရွက်နိုင်ရန် ကျပ်သိန်း(၃၀၀)အား မြို့နယ်အထောက်အကူပြုကော်မတီမှ ၂၀၁၅ ခုနှစ်တွင် မြစိမ်းရောင်စီမံကိန်း အကောင်အထည် ဖော်ရန်အတွက် ကျေးရွာဖွံဖြိုးတိုးတက်ရေးအတွက် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ လုပ်ဆောင်ရွက်အတွက် ချေးပေးခဲ့ကြောင်းသိရသည်။

“ကျွန်တော်တို့ရွာက လယ်ယာမြေလဲ မရှိတော့ စိုက်ပျိုးရေးလဲ လုပ်လို့မရဘူး၊ မွေးမြူရေးလဲမရှိဘူး ရွာသားအများစုက လက်သမားတို့ ပန်းရံတို့ ကျဘမ်းလုပ်ကိုင် စားသောက်တာပါ၊ အခုလိုနိုင်ငံတော် က ချေးငွေချပေးတဲ့အတွက် ကျွန်တော်တို့ ကျေးရွာမှာ တစ်ပိုင်တစ်နိုင် လုပ်ငန်းတွေ လုပ်ဆောင်နိုင်တာပေါ့..” ဟု စပါယ်/ဆန်နားကျေးရွာမှ မြစိမ်းရောင်စီမံကိန်း ကော်မတီဝင်တစ်ဦးမှ ပြောသည်။

မြစိမ်းရောင် စီမံကိန်းအား မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းသည် မြန်မာနိုင်ငံ စီမံကိန်း ဧရိယာအတွင်းရှိ အိမ်ထောင်စု(၃.၃)သိန်းမှ လူဦးရေ(၁.၈၃)သန်းအား အကျိုးပြုသည့် စီမံကိန်းဖြစ်ကြောင်းနှင့် ကျေးလက်ဒေသ၏ တစ်ပိုင်တစ်နိုင် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် စိုက်ပျိုးရေး လုပ်ငန်းများ၊ ကျေးလက် မီးလင်းရေး၊ ကျေးရွာကုန်ထုတ်လုပ်ငန်းများနှင့် အသက်မွေး ၀မ်းကျောင်း လုပ်ငန်းတို့ ဖြစ်ကြောင်း၊ နိုင်ငံတော်မှ ကျေးရွာတစ်ရွာလျင် ကျပ်သိန်း (၃၀၀) သတ်မှတ်ချပေးထားသည့် အတွက် အကောင်အထည်ဖော်မည့် ကျေးရွာ (၁၁၅၀)ရွာအတွက် စီမံကိန်း ကုန်ကျငွေ စုစုပေါင်း ကျပ်(၃၄.၅)ဘီလီယံဖြစ်ကြောင်း သိရသည်။

ပုံများကိုကြည့်ရန်
မြို့နယ်အဆင့် မြစိမ်းရောင် ကျေးရွာ စီမံကိန်း အခြေအနေ တာချီလိတ်၌..

 Tachileik Online News ( www.tachileik.net  ) 
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~