တာချီလိတ်မြို့နယ်အတွင်း သဘာဝ ဘေးအန္တရာယ်များ၊ မီးဘေးအန္တရာယ်များနှင့် ပတ်သက်၍ ရပ်ကွက် ကျေးရွာများမှ အရန်မီးသတ်တပ်ဖွဲ့ဝင် သင်တန်းသား (၂၀၀)ဦးတိတိ ပါဝင်တက်ရောက်သည့် အရန်မီးသတ် တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်း အမှတ်စဉ်(၁)ကို ၂၀၁၄ခုနှစ် ဒီဇင်ဘာလ (၂၉)ရက်နေ့က စတင်ခဲ့ပြီး ယနေ့ ၂၀၁၅ခုနှစ် ဇန်န၀ါရီလ(၂၃)ရက် နေ့လယ်ပိုင်းတွင် သင်တန်း ဆင်းပွဲအဖြစ် တာချီလိတ်မြို့နယ်ရှိ အောင်မြတ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
သင်တန်းဆင်းပွဲတွင် "သင်တန်းဆင်းပြီးသွားတော့ မိမိတို့ တတ်မြောက်ထားတဲ့ ပညာကို မမေ့ဖျောက်ဘဲ အများပြည်သူများ အတွက် အကျိုးရှိအောင် ဆောင်ရွက်သွားပါ"ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက သင်တန်းဆင်း အမှာစကား ပြောကြားသည်။
တာချီလိတ်မြို့နယ် အတွင်း မီးဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန် အတွက် ဘတ် (၁၅၀၀၀)တန်ဘိုးရှိ အပေါ့စား မီးသတ်စက်(၁)လုံးကို လှူဒါန်းခဲ့သော ဦးကျဟေး+ဒေါ်လီရီစီ(ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံ) မိသားစု နှင့် မီးသတ်တပ်ဖွဲ့ဝင်များ အတွက် ဘတ်(၁၅၀၀၀)တန်ဘိုးရှိ ၀တ်စုံ ၁၆ စုံအား လှူဒါန်းသော ဒေါ်နီနီစိုး ( ကျောက်စိမ်းကန် မွေးမြူရေးခြံ ) မိသားစုတို့အား မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုင်းကျော်ဇံ နှင့် မြို့နယ်အထောက်အကူပြူ ကော်မတီ ဥက္ကဋ္ဌ ဦးကြည်မြင့် တို့က ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)မှ သင်တန်းသားများ၏ သင်တန်းဆင်း လက်မှတ်ကို မြို့နယ်မီးသတ်ဦးစီးမှူး၊ ဦးစီးအရာရှိ ဦးအောင်ကျော်နိုင်က အရန်မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ကိုယ်စား မြို့နယ်အရန်မီးသတ် တပ်ဖွဲ့၊ တပ်ခွဲမှူး ရဲနန္ဒာလင်းအား ပေးအပ်ချီးမြှင့်သည်။