ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ တာချီလိတ်မြို့နယ်တွင် စည်းကမ်းမဲ့စွာ အမှိုက်များအား ရေချောင်းများ အတွင်း စွန့်ပစ်သဖြင့် မြို့ပေါ် လူထုနှင့် စည်ပင်သာယာရေးကော်မတီတို့ အမှိုက်လိုက်လံ ဆယ်ယူ၍ ရှင်းလင်းသော်လည်း ရေချောင်းအတွင်း အမှိုက်ကင်းစင်အောင် ဆောင်ရွက်နိုင်ခြင်းမရှိကြောင်း သိရသည်။
“အဓိက ရေချောင်းနားမှာ နေတဲ့လူတွေ စည်းကမ်းမရှိတာ အမှိုက်တွေကို လစ်ရင်လစ်သလို ချောင်းထဲပစ်ချတယ်၊ နောက်ပြီး ရပ်ကွက်တွေထဲက လူတွေလဲ အမှိုက်ကို ရေချောင်းထဲလာသွန်တယ်၊ ရေစီးကြောင်းပိတ်တယ်၊ မိုးတွင်းမှာ ရေကြီးတာတွေ၊ သဘာဝပတ်ဝန်းကျင် ညစ်နွမ်းတယ်ဆိုတာတွေကို မသိတာလား မသိချင် ယောင်ဆောင် နေတာလားမသိပါဘူး”ဟု မြို့ခံ တစ်ဦးမှပြောသည်။
"ဒီချောင်းက ၀မ်ကောင်းရပ်ကွက် နဲ့ မကာဟိုခမ်း ရပ်ကွက်အကြားမှာ ရှိတာဆိုတော့ အဲ့ဒီရပ်ကွက် နှစ်ရပ်ကွက်က လူတွေ ပစ်တာဘဲဖြစ်လိမ့်မယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးကနေ ရပ်ကွက်နေ ပြည်သူတွေကို အသိပညာပေးလေးတွေ လုပ်ပေးရင် ဒီနမ့်ယွန်းချောင်းထဲ အမှိုက်စွန့်ပစ်တာတွေ လျော့ပါးလာမယ်လို့ မြင်မိတယ်"ဟု မြို့မိမြို့ဖ တစ်ဦးက ပြောလာသည်။
မိုးရာသီတွင် ရေကြီးရေလျှံမှု အများဆုံးနှင့် အမှိုက်အများဆုံး ပိတ်ဆို့လေ့ရှိသော နမ့်ယွန်းချောင်းအား စနေနေ့တိုင်း လူထုပါဝင်သော မြို့ပေါ်ရှိ အသင်းအဖွဲ့များ၊ ပါတီများနှင့် စည်ပင်သာယာရေးကော်မတီက ရေစီးကြောင်းကောင်းမွန်စေရန် လိုက်လံ ရှင်းလင်းသော်လည်း အမှိုက်အား အမြဲတမ်း ရေချောင်းအတွင်း စွန့်ပစ် ကြသဖြင့် ကင်းစင်အောင် ဆောင်ရွက်နိုင်ခြင်းမရှိကြောင်းသိရသည်။
“ကျွန်တော်တို့ စည်ပင်က ၀န်ထမ်းတွေ လုပ်လဲခဏဘဲ၊ ပစ်တဲ့သူက ပစ်နေတာ နှစ်စဉ် နမ့်ယွန်းချောင်းက ရေကြီးတာ”ဟု စည်ပင်သာယာရေးကော်မတီဝင် တစ်ဦးက ပြောသည်။
အမှိုက်စွန့်ပစ်ရန်နေရာများ ထားရှိသော်လည်း တစ်ချို့သော သူများသည် သတ်မှတ်နေရာသို့ သွားရောက်စွန့်ပစ်ခြင်း မပြုဘဲ ရေချောင်း အတွင်း စွန့်ပစ်ခြင်းဖြစ်ပြီး နမ့်ယွန်းချောင်းသည် ၀မ်ကောင်းရပ်ကွက်နှင့် မကာဟိုခမ်းရပ်ကွက် နှစ်ခုအား ဖြတ်သန်းသွားပြီး မယ်ဆိုင်ချောင်းအတွင်းသို့ စီးဆင်းခြင်းဖြစ်ကာ (၂)ကီလိုမီတာကျော်ခန့် ရှည်လျားကြောင်းသိရသည်။
“၂၀၁၄ ခုနှစ်မှာ မြို့ရေကြီးရေလျှံတာ အများဆုံး တစ်မြို့လုံးလောက်နီးပါး ရေဘေးဒုက္ခခံရတာ တစ်သက်လုံး ဒီလောက်ရေကြီးတာ မမြင်ဖူးဘူး ရပ်ကွက်တိုင်းရေလွှမ်းတယ်”ဟု ဒေသခံ ကိုနေမျိုးမှပြောသည်။
မိုးတွင်းကာလတွင် တောင်ကျရေများ စီးဆင်းလာချိန်တွင် ရေချောင်းအနီးနေထိုင်သော အိမ်များ အတွင်းသို့ ရေလွှမ်းမိုးခြင်းများကြောင့် ရပ်ကွက်အတွင်း နေထိုင်သူများ ရေဘေး အန္တရယ် နှစ်စဉ်ကြုံတွေ့နေရ ကြောင်းနှင့် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအား နယ်ခြားစည်းအဖြစ် ပိုင်းခြားထားသော မယ်ဆိုင်ချောင်းမှာလဲ မိုးတွင်းကာလတွင် တောင်ကျရေများ စီးဆင်းမှုများသဖြင့် ရေချောင်းနှင့် ထိစပ်နေသော ရပ်ကွက်များသည် နှစ်စဉ်ရေကြီးရေလျှံမှုကြုံတွေ့နေရကြောင်း သိရသည်။
“နမ့်ယွန်းချောင်းထဲကို အမှိုက်တွေ စည်းကမ်းမဲ့ အမှိုက်ပစ်သူတွေကို ထိရောက်စွာ အရေးယူသင့်ပါပြီ၊ ရေချောင်းက ကြည့်လိုက်ရင် အမှိုက်တွေဘဲ ပစ်တဲ့သူတွေ ကိုယ်ချင်းမစာတာ” ဟု ဒေသခံတစ်ဦးမှ ပြောသည်။
တာချီလိတ်မြို့သည် နှစ်စဉ် ရပ်ကွက်များအတွင်း ရေဘေးဒုက္ခကြုံတွေ့လေ့ရှိပြီး နေအိမ်သစ်များ တည်ဆောက်မှုတွင် တောင်များဖြိုကာ မြေကွက်သစ်များ မြေဖို့မှုများကြောင့် မြို့ပတ်ဝန်းကျင် သဘာဝ တောတောင်များ ပျောက်ဆုံးလာ၍ ရေစီးကြောင်းများလည်းပြောင်းလဲ လာခြင်းဖြစ်ပေါ်ကာ မြို့ပေါ်တွင် နှစ်စဉ် ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်လေ့ရှိကြောင်း သိရသည်။