ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေပေးအပ်ပွဲ တာချီလိတ်မြို့တွင် ကျင်းပ

ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေပေးအပ်ပွဲ တာချီလိတ်မြို့တွင် ကျင်းပ
ဇန်နဝါရီ 26, 2015
By Tachileik News Agency

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်တွင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်
ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် အတွက် ရန်ပုံငွေ ကျပ်သိန်း (၁၀၀၀) ပေးအပ်ပွဲကို ယနေ့ ဇန်န၀ါရီလ(၂၆)ရက်၊ မွန်းလွဲ(၂)နာရီ ခွဲက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ တွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း က အဖွင့်အမှာစကား ပြောကြားရာတွင် ပြည်ထောင်စု လွှတ်တော်ဖွံ့ဖြိုးရေး ရန်ပုံငွေမှ ရန်ပုံငွေကျပ် သိန်း(၁၀၀၀)ဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်အချိန် ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ရေး နှင့် ငွေစာရင်း ဇယားများ စနစ်တကျဖြစ်ရေး၊ ပြည်သူလူထု အတွက် အမှန်တကယ် အကျိုးဖြစ်ထွန်းစေရန် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင် က လုပ်ငန်းအပိုင်း အလိုက် ငွေစာရင်းများ ထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်ချက်များကို လည်းကောင်း၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက် အကူပြုကော်မတီ ဥက္ကဋ္ဌ ဦးကြည်မြင့်က လုပ်ငန်းများ မဆောင်ရွက်မီ၊ ဆောင်ရွက်ဆဲ နှင့် ဆောင်ရွက်ပြီး မှတ်တမ်းဓာတ်ပုံများဖြင့် စနစ်တကျဆောင်ရွက်ရေး၊ ပြည်သူများအတွက် ရေရှည်တည်တံ့ ခိုင်မြဲအောင် ဆောင်ရွက်ရန်ကိုလည်းကောင်း၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုင်းကျော်ဇံက သတ်မှတ် အချိန်ကာလ အတွင်း စံချိန်စံညွှန်းပြည့်မှီစွာ ဆောင်ရွက်ရေး အတွက် တာဝန်ရှိသူများ အားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ရေးကိုလည်းကောင်း၊ တာဝန်ခံ အင်ဂျင်နီယာ (အင်ဂျင်နီယာမှူး) ဦးလှမျိုးက လုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် လုပ်ငန်းများအလိုက် စနစ်တကျဖြစ်ရေး ပါဝင်ကူညီဆောင်ရွက်ပေးမည့် အစီအစဉ်များကို လည်းကောင်း ရှင်းလင်းပြောကြားသည်။

ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ရန်ပုံငွေကျပ် သိန်း(၁၀၀၀)ဖြင့် တာချီလိတ်မြို့နယ် အတွင်းရှိ ၀မ်ကောင်း ရပ်ကွက်၊ မကာဟိုခမ်းရပ်ကွက်၊ ပါဆတ်ရပ်ကွက်၊ ရန်အောင်မြေရပ်ကွက် ၊နမ့်လွဲကျေးရွာ (ဟောင်း)၊ ဟွေလုံကျေးရွာ၊ ၀မ်ပုံကျေးရွာ၊ ပါခုတ်နိုကျေးရွာ၊ ၀မ်ဆောက်ခုံ (အာခါ)ကျေးရွာ၊ပန်စိလိ (အာခါ)ကျေးရွာ၊ ၀မ်လုံကျေးရွာ၊ အာဒီးကျေးရွာ၊ ဗာလကျေးရွာ၊ မောယှက်-အားယိုကျေးရွာ၊ ၀မ်လုံ-နမ့်မွဲကျေးရွာများတွင် ကွန်ကရစ်လမ်းခင်းခြင်း၊ ရေနှုတ်မြောင်း တူးဖော်ခြင်း၊စိမ့်စမ်းရေသွယ်တန်းခြင်း၊ ရေလှောင်ကန်ပြုလုပ်ခြင်း၊ ကျောက်ချောလမ်းခင်းခြင်း နှင့် နမ့်တွန်ချောင်း နုန်းဆယ်ခြင်းလုပ်ငန်း၊ ကျိုင်းလပ်မြို့နယ်ရှိ နမ့်ကိုင်းကျေးရွာ အမက နှင့် နမ့်ဝမ်းအမကကျောင်းတို့တွင် သန့်စင်ခန်း နှင့် ရေလှောင်ကန်ပြုလုပ်ခြင်း လုပ်ငန်း၊ တာလေ မြို့နယ်ရှိ ကုန်းဆာကျေးရွာ နှင့် ပါခါး(၁)ကျေးရွာတို့တွင် စိမ့်စမ်းရေသွယ်တန်း ခြင်းလုပ်ငန်း နှင့် ပန်ချီဟတ်ကျေးရွာ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများ အတွက် ရန်ပုံငွေကျပ်သိန်း (၁၀၀၀)အား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသိန်းအောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း နှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်းသိရသည်။

သတင်း ။  ။ ဝေယံလင်း

ပုံများကိုကြည့်ရန်
ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေပေးအပ်.....

 Tachileik Online News ( www.tachileik.net  )