တာချီလိတ်ခရိုင်အတွင်း၌ ဓမ္မစကူးလ်ကျောင်းတော် စုစုပေါင်း (၂၂)ကျောင်း ဖွင့်လှစ်ထားရှိပြီးပြီ ဖြစ်ပြီး တာချီလိတ်မြို့နယ်၊ ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ သီရိမင်္ဂလာဆန်ဆိုင်းကျောင်းတိုက်၌ ဖွင့်လှစ်ထားရှိသော ဓမ္မစကူးလ်ကျောင်းတော်တွင် အတန်းပြီးမြောက်ကြောင်း လက်မှတ်ပေးအပ်ပွဲနှင့် ဓမ္မစကူးလ်သင်ကြားရေး ဆရာ/မများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ချီးမြှင့်ပွဲကို ယနေ့ ဇန်န၀ါရီလ(၃၁)ရက် နံနက်(၉)နာရီ အချိန်က ကျင်းပခဲ့ကြသည်။
"ဒီထက်ပိုပြီး အောင်မြင်အောင် ဆရာ၊ ဆရာမတွေလဲ ကြိုးစားသင်ကြားပြီး ကျောင်းသားမိဘတွေလဲ ကလေးတွေ ကျောင်းတက်ချင်စိတ်ဖြစ်အောင် လုပ်ဆောင်ပေးမှ နောင်အရှည်တည်တံ့မှာဖြစ်ပါတယ်၊ အတန်းပြီးမြောက်အောင် သင်ကြားပေးခဲ့ကြတဲ့ သင်ကြားမှု သံဃာတော်များ နဲ့ ဆရာ၊ ဆရာများကိုလည်း ကျေးဇူးတင်ပါတယ်”ဟု သီရိမင်္ဂလာဆန်ဆိုင်းကျောင်း၊ တိုက်အုပ်ဆရာတော် ဥူးပညာသိရီမှ မိန့်ကြားခဲ့သည်။
ကလေးငယ်လေးတွေ လိမ္မာရေးခြားရှိရန် ကိုယ့်ဘာသာ သာသနာတော် ရည်ရှည်တည်တံ့ရန်နှင့် ထိန်းသိမ်း စောင့်ရှောက်နိုင်ရန်အတွက် မျိုးဆက်သစ် လူငယ်ကလေးများကို ဓမ္မစကူးလ်ကျောင်းတော် မှ သင်ကြားပေးလိုက်ခြင်းဖြစ်ပြီး မကောင်းမှုများကို ရှောင်ကျဉ်တတ်စေပြီး ကောင်းမှုများကိုသာ ပြုကျင့်နိုင်ရန် နှင့် ဓမ္မစကူးလ်ကျောင်းတော်နှင့် စပ်လျဉ်း၍ မြို့နယ်လုံးဆိုင်ရာ ဓမ္မစကူးလ်ကျောင်းတော် အလုပ်အမှုဆောင် ဆရာတော်၊ သာသနာ့ဂုဏ်ရည် ကျောင်းတိုက် ဆရာတော် ဦးဓမ္မဓဇ(သာသနဓဇ ဓမ္မာစရိယ)မှ မိန့်ကြားသည်။
သီရိမင်္ဂလာ ဆန်ဆိုင်းကျောင်း ဓမ္မစကူးလ်အား ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်းများသာ သင်ကြားပေးနိုင်ခဲ့ကြောင်းနှင့် ဒုတိယအကြိမ် ပညာသင်နှစ်တွင် ဓမ္မစကူးလ်အား စတုတ္ထတန်း နှင့် ပဉ္စမအတန်းထိ တိုးချဲ့သွားမည်ဖြစ်ပြီး ၂၀၁၅ ခုနှစ် မေလအတွင်း ဖွင့်လှစ်သွားနိုင်ရန် စီစဉ်ထားကြောင်း တာချီလိတ်မြို့နယ်လုံးဆိုင်ရာ ဓမ္မစကူးလ်ကျောင်းတော် အလုပ်အမှုဆောင် ဒုတိယဥက္ကဌ ဦးဇော်မြင့်က ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ပြောကြားသွားသည်။
တဆက်တည်းမှာပင် သီရိမင်္ဂလာဆန်ဆိုင်း ဓမ္မစကူးလ်ကျောင်းတော် အလုပ်အမှုဆောင် ဥက္ကဌ၊ ဆန်ဆိုင်း(ခ)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းကျောက် နှင့် သီရိမင်္ဂလာဆန်ဆိုင်း ဓမ္မစကူးလ်ကျောင်းတော် သင်ကြားမှု ဆရာမ ဒေါ်ရွှေစင်ထွန်းတို့မှ ကျေးဇူးတင်စကား အသီးသီး ပြောကြားခဲ့ကြသည်။
ဆက်လက်၍ အဆိုပါကျောင်းတော်မှ အတန်းပြီးမြောက်သွားသည့် ကျောင်းသား၊ ကျောင်းသူများအား ဆရာတော် သံဃာတော်အရှင်သူမြတ်များနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက အတန်း ပြီးမြောက်ကြောင်း လက်မှတ်ချီးမြှင့်ပြီး သင်ကြားမှု သံဃာတော်နှင့် ဆရာ၊ဆရာမများအား ဂုဏ်ပြုလက်မှတ်များ ပေးအပ်ခဲ့ကာ ဓမ္မစကူးလ်ကျောင်းသား ကျောင်းသူများမှ ဓမ္မစကူးလ်တေးသီချင်း သရုပ်ဖေါ် အကများဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။
သီရိမင်္ဂလာဆန်ဆိုင်းဓမ္မစကူးလ်ကျောင်းတော်တွင် ပထမတန်းတွင် ကျောင်းသား၊ ကျောင်းသူ(၂၉)ဦး၊ ဒုတိယတန်းတွင်(၁၀)ဦး နှင့် တတိယတန်းတွင် (၂၇)ဦး စုစုပေါင်း(၆၆)ဦး ရှိကြောင်း သိရသည်။
သီရိမင်္ဂလာဆန်ဆိုင်းဓမ္မစကူးလ်ကျောင်းတော်ကို ၂၀၁၃ခုနှစ် နိုဝင်ဘာလ(၂)ရက် နံနက် (၉)နာရီအချိန်က ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၆၆)ကျော် တက်ရောက် သင်ကြားရာ ပထမတန်း ၊ ဒုတိယတန်း နှင့် တတိယတန်း အဖြစ်သတ်မှတ်၍ သင်ကြားမှု သံဃာတော် (၃)ဦးနှင့် လူပုဂ္ဂိုလ် ဆရာ၊ ဆရာမ (၅)ဦးတို့မှ သင်ကြားပေးခဲ့ကြသည်။
ပုံများကိုကြည့်ရန်