ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်းရှိ မူကြိုကျောင်း စုစုပေါင်း (၂၀)ကျောင်းတို့မှ ကလေးသူငယ် (၁၂၀)ဦးအား ဖေဖော်ဝါရီလ (၁၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံ ကလေးများနေ့ အကြို အထိမ်းအမှတ်အနေဖြင့် တာချီလိတ်မြို့၏ အထင်ကရနေရာများသို့ ဖေဖော်ဝါရီလ(၄)ရက်နေ့က မူကြိုဆရာမများက လိုက်လံပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
တာချီလိတ်မြို့ အတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာနမှ အသိအမှတ်ပြု မူလတန်းကြိုကျောင်းများ၊ ထောက်ပံ့ကြေးရ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများနှင့် ပုဂ္ဂလိက မူလတန်းကြိုကျောင်းများမှ ကလေးငယ်များ ပါဝင်ပြီး တာချီလိတ်ရွှေတိဂုံဘုရား၊ ဘုရင့်နောင်ရုပ်ထုရင်ပြင် ၊ ရီဂျီနား ဂေါက်ကလပ် တို့အား လိုက်လံပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ယခုလို သွားရောက်ရာတွင် တာချီလိတ်မြို့ပေါ်ရှိ စိန်မူကြို၊ ထူးချွန်မူကြို၊ တာလော့မူကြို၊ ချမ်းမြေ့ရိပ်မွန်မူကြို၊ ကျော်မူကြို၊ မေခလာမူကြို၊ သီရိမွန်မူကြို၊ ကောတညမူကြို၊ ရင်သွေးရတနာမူကြို၊ ပွင့်သစ်စမူကြို၊ နှင်းဆီမူကြို၊ ရွှေရောင်နီမူကြို၊ မိဘရိပ်မြိုင်မူကြို၊ မေတ္တာရင်ခွင်မူကြို၊ သည်းဦးရတနာမူကြို၊ ပညာရွာမူကြို၊ ရတနာမူကြို၊ နိုင်လင်းမူကြို၊ စိန်ရတနာမူကြို၊ ရွှေလီဦးမူကြို တို့မှ ဆရာမများမှ လိုက်လံပို့ဆောင်ပေးတာဖြစ်ကြောင်း သိရသည်။
လေ့လာရေး ခရီးစဉ်အား ကလေးများ ပျော်ရွှင်မှုရှိစေရန် ၊ စုပေါင်းပါဝင် လုပ်ဆောင် တတ်စေရန်၊ မိမိကိုယ်ကို ယုံကြည်မှုရှိစေရန်၊ ရဲရင့်တက်ကြွ ဖြတ်လတ်စေရန်၊ ပြင်ပ ဗဟုသုတများ ရရှိစေရန် ဟူသည့် ရည်ရွယ်ချက်များဖြင့် အနီးကပ်ပြုစုစောင့်ရှောက်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဗိုလ်ချုပ်အောင်ဆန်း၏ နိုင်ငံအပေါ်ချစ်မြတ်နိုးစိတ်၊ အနစ်နာခံစိတ်၊ အမြော်အမြင်ကြီးမှုနှင့် အမျိုးသားရေး စိတ်ဓာတ်တို့ကို မူလတန်းကြိုကျောင်း ရင်သွေးငယ်လေးများ၏ စိတ်တွင် ထာဝစဉ် ကိန်းအောင်းနေစေရေး အတွက်ရည်ရွယ်ပြီး မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ်အကြိုအဖြစ် ပို့ဆောင်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ကလေးသူငယ်များအား ဗိုလ်ချုပ်အောင်ဆန်း၏ နိုင်ငံအပေါ်ချစ်မြတ်နိုးစိတ်၊ အနစ်နာခံစိတ်၊ အမြော်အမြင်ကြီးမှုနှင့် အမျိုးသားရေး စိတ်ဓာတ်တို့ကို မူလတန်းကြိုကျောင်း ရင်သွေးငယ်လေးများ၏ စိတ်တွင် ထာဝစဉ် ကိန်းအောင်းနေစေရေး အတွက် အသိပညာပေး ဟောပြောခဲ့ကြောင်း နှင့် ကလေးသူငယ်များ၏ မိဘများအား ယခုလို ကလေးသူငယ်များအား အထင်ကရနေရာများသို့ လိုက်လံပို့ဆောင်ပေးရခြင်းနှင့် ပတ်သက်၍သော်လည်းကောင်း၊ မြန်မာနိုင်ငံကလေးများနှင့် ပတ်သက်၍ အကြောင်းအရာများကို လည်းကောင်း ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ နှစ်(၁၀၀)ပြည့်မွေးနေ့နှင့် မြန်မာနိုင်ငံ ကလေးများနေ့သည် တစ်ရက်တည်း ကျရောက်ခြင်းကြောင့် ကလေးများနေ့အား မြန်မာနိုင်ငံ တစ်ဝှမ်းရှိ မြို့များတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် မြန်မာနိုင်ငံ ကလေးများနေ့ ကျင်းပနိုင်ရေး စီမံချက်အား ရေးဆွဲပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များ အသီးသီးတွင် အကောင်အထည် ဖေါ်ဆောင်ရွက်လျှက် ရှိကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ကမ္ဘာ့ကလေးများနေ့သည် ၁၈၈၃ ခုနှစ်တွင် အမေရိကန် နိုင်ငံ၌ အစပြုခဲ့ကြောင်းသိရှိရပြီး ၁၉၅၉ ခုနှစ် နိုဝင်ဘာလ (၂၀)ရက်နေ့တွင် UNHCR မှ နိုင်ငံပေါင်း (၇၆)နိုင်ငံ၏ သဘောတူညီမှုဖြင့် တရားဝင်ကြေညာခဲ့ပြီး ပြဌာန်းချက် ( ၁၀ )ချက်အား ကလေးငယ်များအတွက် တစ်ပါတည်း ချမှတ်ပေးခဲ့ကြောင်း သိရှိရသည်။
ကမ္ဘာ့နိုင်ငံအတော်တော်များများတွင် နှစ်စဉ် ဇွန်လ(၁)ရက်နေ့ကို ကလေးများ နေ့အဖြစ် သတ်မှတ်ထားသော်လည်း တစ်နိုင်ငံနှင့် တစ်နိုင်ငံ တူညီမှု မရှိကြောင်း သိရှိရပြီး တချို့နိုင်ငံများတွင် မိမိနိုင်ငံ၏ နေ့ထူးနေ့မြတ်တစ်ခုအား အစွဲပြု၍ သတ်မှတ်ကြကြောင်းသိရှိရသည်။
ပုံများကိုကြည့်ရန်