၂၀၁၅ခုနှစ်၊ (၆၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကို တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်ရှိ
ရှမ်းစာပေနှင့်ယဉ်ကျေးမှုကော်မတီပိုင် ကွင်းပြင်တွင် ယနေ့ ဖေဖော်ဝါရီလ (၇)ရက်၊ နံနက်(၈)နာရီခွဲ အချိန်က ကျင်းပကြောင်း သိရသည်။
"အခုအခမ်းအနားကတော့ ရှမ်းပြည်နယ်အတွင်းမှာ ရှိတဲ့ တိုင်းရင်းသားအားလုံးနဲ့ သက်ဆိုင်တာမို့ အားလုံးကို ကိုယ်စားပြုပြီး တာချီလိတ်ခရိုင်ထဲမှာရှိတဲ့ တိုင်းရင်းသားပေါင်းစုံနဲ့ စုပေါင်းပြီး ပြုလုပ်ထားတာပါ၊ "ဟု ရှမ်းပြည်နယ်နေ့အခမ်းအနားကျင်းပရေး ကော်မတီဝင်တစ်ဦးက ပြောပြသည်။
ရှေးဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်အလံအား တက်ရောက်လာသည့် ပရိတ်သတ်များက အလေးပြုသည်။ ထို့နောက် နိုင်ငံတော်သမ္မတ အဂ္ဂမဟာ သရေစည်သူ၊ အဂ္ဂမဟာ သီရိသုဓမ္မ ဦးသိန်းစိန်ထံမှ (၆၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သော သ၀ဏ်လွှာအား ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက လည်းကောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ်ထံမှ ပေးပို့သော သ၀ဏ်လွှာအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း က လည်းကောင်း၊ ရှမ်းပြည်နယ်နေ့ စတင်ဖြစ်ပေါ်လာပုံအား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသိန်းအောင်က လည်းကောင်း ဖတ်ကြားသည်။
ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာသည့် ဧည့်ပရိတ်သတ်များက ရှမ်းပြည်နယ်နေ့ အထိမ်းအမှတ် အဖြစ် ပြသထားသည့် ပြခန်းအား ကြည့်ရှုလေ့လာပြီး၊ တိုင်းရင်းသား ပြည်သူများက ရိုးရာအကများ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ ချောတိုင်တက် ပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝီလ်ဆင်မိုး၊ ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဦးစိုင်းသိန်းအောင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း၊
ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း ၊ ခရိုင်နှင့် မြို့နယ်
ဌာနဆိုင်ရာများ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက် အကူပြုကော်မတီ ဥက္ကဋ္ဌ ဦးကြည်မြင့် နှင့်
အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များ၊ ရှမ်း၊ အာခါ၊ လားဟူယဉ်ကျေးမှုကော်
မတီအဖွဲ့ဝင်များ၊ တိုင်းရင်းသား ကိုယ်စားလှယ်များ၊ ကျောင်းသားကျောင်းသူများ၊ မြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်သည်။
ယနေ့ ကျင်းပပြုလုပ်သော ရှမ်းပြည်နယ်နေ့ အခမ်းအနားကို ရှမ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီပိုင် ကွင်းပြင်တွင် ကျင်းပလာခဲ့သည်မှာ ယခုအကြိမ်ဆိုလျှင် ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ပထမအကြိမ်ကို ပြီးခဲ့သည့် ၂၀၁၄ခုနှစ်က ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ကြောင်း သိရှိရသည်။
သတင်း ။ ။ ဝေယံလင်း