တာချီလိတ်မြို့ရှိ ပါဆတ်ကားလေးကွင်းအား အဆင့်မြှင့်တင် တည်ဆောက်မှု ပြီးစီးတော့မည် ဖြစ်သဖြင့် မူလကားဂိတ်ခန်း ပိုင်ရှင်များအား ပြန်လည်နေရာချထားပေးရန် အစည်းအဝေး တစ်ရပ်ကို တာချီလိတ်မြို့နယ်စည်ပင်သာယာရေး ကော်မတီရုံးရှိ အစည်းအဝေးခန်းမတွင် ကားဂိတ်ပိုင်ရှင်များ၊ တာဝန်ခံများနှင့် စည်ပင်သာယာရေး ကော်မတီဝင်များမှ ယနေ့ ဖေဖော်ဝါရီလ (၁၇)ရက် နံနက်ပိုင်းတွင် တွေ့ဆုံဆွေးနွေး ခဲ့ကြသည်။
“ယခင်ကားဂိတ်ပိုင်ရှင်များ အနေနဲ့ အဆောက်အဦ အဟောင်းမှာ ပေးသွင်းထားတဲ့ ငွေကြေးစရိတ် တွေပေါ်မှာ ခံစားခွင့်မရှိပါဘူး၊ ဒါပေမယ့် ဂိတ်ပိုင်ရှင် အဟောင်းတွေကိုတော့ အခန်း အပိုင်ဝယ်ချင်ရင် စာတင်ပေးသွားပါ”ဟု စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးကျော်ဇင်မှ ပြောသည်။
ပါဆတ်ကားလေးကွင်းသည် မင်းခေတ်သစ် ကုမ္ပဏီနှင့် ပြည်နယ်စည်ပင်သာယာရေးကော်မတီတို့ စာချုပ် ချုပ်ဆို၍ တည်ဆောက်ခြင်းဖြစ်သော်ကြောင့် စာချုပ်ပါ စည်းကမ်းများ အတိုင်း ကုမ္ပဏီမှ လိုက်နာဆောင်ရွက်စေရန် ၎င်းတို့ အနေနှင့် ကြီးကြပ်ပေးရကြောင်း၊ အခန်းပေါင်း (၂၂)ခန်း အပိုထွက်လာသဖြင့် ယင်းအခန်းများအား လွတ်လပ်စွာ ရောင်းဝယ်ခွင့် ပေးထားသော်လည်း မူလဂိတ်ရှိသော အခန်းပိုင်ရှင်များ အနေနှင့် အခန်းမရ မရှိအောင် ၎င်းတို့ကော်မတီမှ စိစစ်ကြီးကြပ်ပေးသွားမှာ ဖြစ်ကြောင်း စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးကျော်ဇင်မှ တွေ့ဆုံပွဲတွင် ထည့်သွင်းပြောကြားသည်။
“ကားလေးကွင်းကိုတော့ (၃)လပိုင်းလောက်မှာ ဖွင့်ဖြစ်မယ်နဲ့တူတယ် တော်တော်လည်းပြီးနေပါပြီ၊မူလဂိတ်ပိုင်ရှင်တွေရှိသလို ထပ်တိုးတဲ့ ဂိတ်ပိုင်ရှင်တွေလဲရှိတယ်၊ အရေးကြီးတာ ဂိတ်မဖွင့်ဘဲ အခန်းဝယ်ပြီး ပြန်ရောင်းစားတဲ့ အဖြစ်မျိုးမဖြစ်အောင် စိစစ်ပေးသွားမှာပါ”ဟု တာဝန်ခံ အင်ဂျင်နီယာ (အင်ဂျင်နီယာမှူး) ဦးလှမျိုးက ပြောသည်။
ပါဆတ်ကားလေးကွင်းအား ၂၀၁၃ ခုနှစ်တွင် မင်းခေတ်သစ်ကုမ္ပဏီမှ ဆောက်လုပ်ခွင့်အတွက် ပြည်နယ်စည်ပင်သာယာရေးကော်မတီနှင့် စာချုပ်ချုပ်ဆို ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အကုန်တွင် ဖွင့်လှစ်နိုင်မည်ဖြစ်ပြီး ကားဂိတ်ပိုင်ရှင်များအား ဆိုင်ခန်းနေရာရှိရန် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ စိစစ်မှုများပြုလုပ်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
“ဂိတ်အတွက် အခန်းလိုချင်ရင် ၀ယ်ဖို့ ရုံးမှာစာတင်ဖို့ပြောလို့ ကျွန်တော်တို့ စာတင်နေပါတယ်၊ ဆိုင်ခန်းတွေကိုတော့ တစ်ခါမှ ၀င်မကြည့်ရသေးဘူး...”ဟု ရှမ်းအောင်လံ ကားဂိတ်မှ ကိုစိုင်းအောင်ထွန်းက ပြောသည်။
မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ မူလသဘောတူ သတ်မှတ်ထားသည့် နှုန်းအတိုင်း အခန်းများအား တစ်ခန်း ဘတ်(၄၀၀၀)ပတ်ဝန်းကျင်နှင့် ငှါးရမ်းနိုင်ရန်နှင့် ရောင်းချမှုအား ကုမ္ပဏီနှင့် ကားဂိတ်ပိုင်ရှင်များ အဆင်ပြေမှုရရှိ ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ပုံများကိုကြည့်ရန်