ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့အတွင်း ထိုင်းရဲတပ်ဖွဲ့ဝင်များမှ မြန်မာနိုင်ငံသားများအား “ဆီး”စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
“ဆီး စစ်ဆေးတာတွေတော့ရှိတယ် နေ့တိုင်းနီးနီးကို အခုတလောရှိတာ၊ တစ်ရက်ကိုနှစ်ယောက် လောက် စစ်ဆေးခံနေရတယ်”ဟု ထိုင်းနိုင်ငံမယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများ ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ(CNCMC)အဖွဲ့ဝင် မယ်ဆိုင်တာဝန်ခံ ဦးထွန်းမှပြောသည်။
လည်လည်ဝယ်ဝယ်ရှိပြီး ထိုင်းစကားတတ်သော မြန်မာနိုင်ငံသားများအား ၎င်းတို့ စစ်ဆေးမည့် “ဆီး”နှင့်အတူ ဆေးရုံသို့ ခေါ်ဆောင်သွားကာ ဆရာဝန်တစ်ဦးမှ ဆေးသုံးစွဲထားခြင်းရှိမရှိ စစ်ဆေးခြင်း ဖြစ်ကြောင်း၊ လူသွားများသည့် လမ်းမများတွင် စစ်ဆေးမှုများ မရှိသော်လည်း လမ်းကြိုလမ်းကြားများတွင် စစ်ဆေးကြောင်း၊ စကားမတတ်သော မြန်မာနိုင်ငံသားများအား အကြောင်း အမျိုးမျိုးဖြင့် ငွေညှစ်မှုများလဲရှိကြောင်း၊ “ဆီး”စစ်ဆေးမှုသည် ထိုင်းနိုင်ငံ တရားဥပဒေအရ လုပ်ခြင်းဖြစ်သော်လည်း ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့များအား ယုံကြည်ရန် မဖြစ်နိုင်ကြောင်းနှင့် “ဆီး”စစ်ဆေးမှုအနေဖြင့် ညပိုင်းတွင် စစ်ဆေးမှု အများဆုံးဖြစ်ကြောင်း (CNCMC) ကော်မတီမှ သိရသည်။
“မူးယစ်ဆေးဝါး သုံးထားသူများ အနေနဲ့ကတော့ သူတို့ ဆီးစစ်တာနဲ့ ကြုံရင်တော့ ဒဏ်ငွေသောင်းနဲ့ ချီပေးရတယ်၊ မပေးနိုင်ရင်တော့ ထောင်ချတယ်၊ လူငယ်တွေ အနေနဲ့ မူးယစ်ဆေးဝါးသုံးထားသည် ဖြစ်စေ မသုံးစွဲထားသည်ဖြစ်စေ အသွား အလာဆင်ခြင်တာ အကောင်းဆုံးဘဲ၊”ဟု မယ်ဆိုင်မြို့ မြန်မာနိုင်ငံသားတစ်ဦးမှ ပြောသည်။
နှစ်နိုင်ငံ နယ်စပ်ဆက်ဆံရေးရုံးများ ကြီးကြပ်မှုကော်မတီ ( BLO ) အဖွဲ့ဝင်များမှ ၂၀၁၄ ခုနှစ် ဒီဇင်ဘာ(၂၅) ရက်နေ့က ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ ရဲတပ်ဖွဲ့စခန်း အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံသားများအား ထိုင်းရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးသုံးစွဲထားခြင်း ရှိ/မရှိအား “ဆီး”စစ်ဆေးခြင်းနှင့် ပတ်သက်၍ ညှိုနှိုင်းအစည်းအဝေးတွင် မြန်မာနိုင်ငံသားများအား “ဆီး”စစ်ဆေးခြင်းအား အတတ်နိုင်ဆုံး လျှော့ပေါ့ စစ်ဆေးသွားရန်နှင့် ယာယီနယ်စပ် ဖြတ်သန်းခွင့်လက်မှတ်ကိုင်ဆောင်သူများအား သတ်မှတ်ထားသော နယ်မြေအတွင်း “ဆီး” စစ်ဆေးခြင်းများ မပြုလုပ်ရန်တို့အား အစည်းအဝေး ဆုံးဖြတ်ချက် အဖြစ်ချမှတ်ခဲ့သော်လည်း ထိုင်းရဲတပ်ဖွဲ့မှ လိုက်နာခြင်းမပြုဘဲ ဆက်လက် လုပ်ကိုင်လျှက်ရှိသည်။
"ထိုင်းမော်တော်ပီကယ်ရုံးရှေ့ မျက်စောင်းထိုးမှာ မြန်မာခရီးသွား၊ ပြည်သူတွေကို အတင်းအဓမ္မ ဆီးစစ်ခိုင်းနေတယ်၊ လိုတပ်ကိုသွားတဲ့ သုံးဘီးဆိုင်ကယ်တွေ၊ အိမ်စီး ဆိုင်ကယ်တွေကို အကုန်ဖမ်းပြီး ဆီးစစ်နေတာ တွေ့ခဲ့တယ်"ဟု တာချီလိတ်ဒေသခံ ကိုရဲလင်းဟိန်းက တာချီလိတ်အွန်လိုင်းသို့ ပြောသည်။
“ကျန်းမာရေးအတွက် ဆေးဝါးသောက်သုံးနေရရင် ဘဲဖြစ်ဖြစ်၊ အားဖြည့် အချိုရည်သောက် ထားရင်ဘဲ ဖြစ်ဖြစ် “ဆီး”ပေါ်တယ်၊ ထိုင်းရဲတွေကို ယုံလို့မရတာ သူတို့က ငွေအဓိက ညှစ်ချင်တာ သူတို့က စစ်ဆေးပြီးရင် ထိုင်းစာတွေနဲ့ ရေးထားတဲ့ စာရွက်တွေပေါ်မှာ အတင်း လက်မှတ်ထိုးခိုင်းတာ ကိုယ်မှနား မလည်တာ လက်မှတ်ထိုးလိုက်ရင် ၀န်ခံတယ်ဆိုပြီး ထောင်ချပြန်ရော”ဟု မယ်ဆိုင်မြို့မှ မြန်မာနိုင်ငံသား တစ်ဦးမှပြောသည်။
ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့သည် မြန်မာနိုင်ငံနှင့် နယ်နမိတ်ချင်း ထိစပ်လျှက်ရှိခြင်းကြောင့် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားနှင့် သွားရောက်လည်ပတ်သူ များပြားလျှက်ရှိရာ ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့များမှ မူးယစ်နှိမ်နင်းရေး စီမံချက်ဒေသအဖြစ် သတ်မှတ်၍ မူးယစ်ဆေးသုံးစွဲခြင်းအား စစ်ဆေးခြင်းဖြစ်ကြောင်းနှင့် ထိုင်းနိုင်ငံ ဥပဒေအရ ထုတ်ပြန်ထား၍ လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ ထို့အတွက် မြန်မာနိုင်ငံသားများ အနေနှင့် အသွား အလာဆင်ခြင်နေကြရန်နှင့် ညပိုင်းတွင် အတတ်နိုင်ဆုံး အသွားအလာ မပြုကြရန် (CNCMC)ကော်မတီမှ တိုက်တွန်းထားကြောင်း သိရသည်။