ထိုင်း-မြန်မာချစ်ကြည်ရေးအမှတ်(၁)တံတားပေါ်တွင်
ပွင့်လင်းရာသီဖြစ်သည့်အတွက်
ခရီးသွားများပိုမိုများပြားလာသော်လည် ခရီးသည်ရရန် ကယ်ရီများ
လုယက်ခေါ်ယူနေခြင်းကြောင့်
သီးသန့်နေရာသတ်မှတ်ပေးရန်လိုအပ်ကြောင်းသိရသည်။
“တံတားပေါ်မှာ ခရီးသည်ခေါ်တဲ့ ကယ်ရီတွေအများကြီးရှိတယ်
သုံးဘီးစက်ဘီးကယ်ရီ၊ ဆိုင်ကယ်ကယ်ရီ၊ သုံးဘီးကယ်ရီနဲ့
ကားတက္ကစီ အများကြီးဘဲ ဒါပေမယ့် လူခေါ်ဖို့ နေရာ
သတ်သတ်မှတ်မှတ်မထားပေးတော့
အချင်းချင်းမကြေမလည်ဖြစ်တာတွေလဲရှိတယ်”ဟု
သုံးဘီးဆိုင်ကယ်မောင်းသူ မောင်ဇော်လင်းမှပြောသည်။
ချစ်ကြည်ရေးတံတားပေါ်တွင် ကယ်ရီဆွဲသော တက္ကစီသမားများသည်
တာချီလိတ်မြို့အတွင်း အလည်အပတ်လာရောက်သော
နိုင်ငံခြားသားများနှင့် မြို့ပေါ်နေထိုင်သော လူများအား
လိုက်လံပို့ပေးရကြောင်း ဈေးနှုန်းအား
ပုံသေသတ်မှထားခြင်းမရှိကြောင်း နိုင်ငံခြားသားများတွင်
ထိုင်းနိုင်ငံသားနှင့် တရုတ်နိုင်ငံသား
ပိုမိုများပြားကြောင်း ဥရောပနိုင်ငံသားများသည်
အုပ်စုလိုက်လာလျှင်သာ (၃)ဘီးဆိုင်ကယ်များအား
စီးနင်းလေ့ရှိသော်လည် အများအားဖြင့်
လမ်းလျှောက်လည်ပတ်ခြင်းသာ နှစ်ခြိုက်လေ့ရှိကြောင်း
ကယ်ရီသမားများထံမှသိရသည်။
“မယ်ဆိုင်ကပြန်လာရင် မြန်မာနိုင်ငံဝင်ရင်ဘဲ ကယ်ရီသမားတွေက
ဘယ်ဟာစီးရမှန်းမသိဘူး ရှုပ်နေတာဘဲ တစ်ခါတစ်လေ ခရီးသွားတွေကို
စိတ်အနှောက်အယှက်ဖြစ်တာပေါ့ သူတို့ကို သတ်သတ်မှတ်မှတ်
စည်းကမ်းတကျ စီစဉ်ပေးထားရင် ပိုကောင်းမည်”ဟု မြို့ခံ
ဦးခင်မောင်သိန်းမှပြောသည်။
“ကျွန်တော်တို့ (၃)ဘီးဆိုင်ကယ်တွေဆိုရင် တံတားနဲ့
အဝေးကြီးမှာရပ်ထားတာ အလှည့်ကျမှ တံတားထိပ်လာခေါ်တာ
ရွှေခြင်္သေနဲ့ ရှမ်းအိုးစည်ဆိုပြီး အသင်း(၂)သင်းရှိတယ်”ဟု
(၃)ဘီးဆိုင်ကယ် ရွှေခြင်္သေယာဉ်လိုင်းမှ ကယ်ရီသမား
ကိုအိုက်စိုင်းမှပြောသည်။
(၃)ဘီးဆိုင်ကယ်နှင့်ဆိုင်ကယ် ကယ်ရီသမားများသည်
ခရီးသည်ခေါ်ဆောင်မှုတွင် တူညီသော်လည်
ဈေးနှုန်းများမတူညီကြောင်း ဆိုင်ကယ်ကယ်ရီများသည် ခရီးသည်
တစ်ဦးလျှင် ခရီးအကွာအဝေးပေါ်မူတည်၍ ကောက်ခံရကြောင်း
(၃)ဘီးသမားများမှာ ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့တွင်းသို့လည်
သွားရောက်ပို့ဆောင်ရကြောင်း ခရီးဝေးလဲ သွားရကြောင်း၊
ခရီးသည်ခေါ်ဆောင်မှုတွင် နေရာများသတ်မှတ်၍ စည်းကမ်းတကျ
ခရီးသည်ခေါ်ဆောင်စေချင်ကြောင်းနှင့်
မော်တော်ယာဉ်ကြီးကြပ်ထိန်းသိမ်းရေးမှ ဆိုင်ကယ်နှင့် (၃)ဘီး၊
စက်ဘီးများအတွက် ထားရန်နေရာသတ်မှတ်ပေးထားသော်လည်
ခရီးသည်ခေါ်ဆောင်မှုအား သတ်မှတ်ပေးထားခြင်းမရှိကြောင်း
ကယ်ရီသမားများထံမှသိရသည်။