တာချီလိတ်မြို့ မြန်မာ - ထိုင်း အမှတ်(၁)ချစ်ကြည်ရေးတံတား အား ညပိုင်း (၈း၃၀)နာရီအချိန်ထိ တိုးမြှင့်၍ ဖွင့်လှစ်လိုက်ပြီးနောက် တံတားနှင့် တံတားတစ်ဝိုက်တွင် လျှပ်စစ်မီးများ လင်းထိန်နေရန်အတွက် တာချီလိတ်မြို့တွင်းရှိ လျှပ်စစ်မီး အသုံးပြုသူများထံမှ ရရှိသော လျှပ်စစ်မီး အသုံးပြုခများထဲမှ ထိုင်းဘတ်ငွေ (၆)သိန်းခွဲကျော်ကို အသုံးပြု၍ 160Wအား ရှိသည့် LED မီးတိုင်များကို စိုက်ထူနေလျက်ရှိကြောင်း တာချီလိတ်မြို့မီးလင်းရေး ကော်မတီမှ သိရသည်။
အမှတ်(၁)တံတားပေါ်တွင် လျှပ်စစ်မီးလင်းတိုင်များ စိုက်ထူသွယ်တန်းနေမှုများနှင့် ပတ်သက်၍ "160W ရှိတဲ့ မီးတိုင်တစ်တိုင်ကို မီးသီး၊ မီးကြိုး နဲ့ မီးတိုင် အပါအ၀င် တစ်တိုင်ကို (၃၂၀၀၀)ဘတ်ကျော် ကုန်ကျပါတယ်၊ စုစုပေါင်း (၁၀)တိုင် တပ်ဆင်သွားမှာဖြစ်ပါတယ်၊ မီးတိုင်တွေ စိုက်ထူဖို့ မီးကြိုးတွေကို စနစ်တကျဖြစ်စေဖို့ ပိုက်လိုင်းတွေ၊ ကေဘယ်ကြိုးတွေ၊ ကွန်ကရစ်တုံး၊ အော်တိုလိုက်ဆန်ဆာ နဲ့ ဆက်စပ်ပစ္စည်းတွေနဲ့ လက်ခ အပါအ၀င် ဆိုရင် ဒီမီးတိုင် (၁၀)တိုင်စာအတွက် စုစုပေါင်း ကုန်ကျငွေဟာ ထိုင်းဘတ်ငွေ (၆၇၅၆၇၉)ဘတ်ရှိပါတယ်..."ဟု မြို့မီးလင်းရေးကော်မတီမှ ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးစိုင်းခမ်းမွန်းက ရှင်းပြသည်။
160W အားရှိသည့် LED လျှပ်စစ်မီးတိုင်များကို အမှတ်(၁)တံတားထိပ်မှ မြန်မာ - ထိုင်း နယ်နိမိတ် တံတားအလယ်ထိ စိုက်ထူသွားမှာဖြစ်ပြီး မီးကြိုးများ သွယ်တန်းထားမှုသည် ရေ၀င်ရောက်မှုများနှင့် အလွယ်တကူ မပျက်စီးစေရန်အပြင် အခိုင်အမာဖြစ်စေရေးနှင့် စနစ်တကျ ဖြစ်စေရေး အတွက် ဆောင်ရွက်ထားရှိကြောင်း သိရသည်။
"တံတားပေါ်မှာ မီးလင်းစေရေးအတွက် အခုလို လျှပ်စစ်မီးတိုင်တွေ စိုက်ထူတာကတော့ အဓိကအားဖြင့် တာချီလိတ်မြို့သူ မြို့သားများရဲ့ ကောင်းမှုပါ၊ မြို့မီးလင်းရေးကော်မတီက ရရှိတဲ့ မြို့သူမြို့သားထံက မီတာ အသုံးပြုခများထဲက ဆောင်ရွက်တာဖြစ်ပါတယ်၊ အဲ့ဒီလိုဘဲ မီးလင်းရေးကော်မတီအနေနဲ့ လမ်းမီးတွေပြုပြင်တာ၊ တပ်ဆင်တာဟာလည်း မီတာအသုံးပြုခထဲက ရတာဖြစ်လို့ မြို့သူမြို့သားများ ကောင်းမှုပါပဲ.."ဟု မြို့မီးလင်းရေးကော်မတီ ဥက္ကဌ၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေမှ ပြောကြားသည်။
"ဒီတံတားပေါ်မှာ မီးထိန်ထိန် လင်းလာတော့မယ်ဆိုတော့ ကောင်းပါတယ်၊ တံတားကလည်း ညပိုင်းဖွင့်ပြီဆိုတော့ မီးသိပ်မလင်းခင်မှာ ခရီးသယ်တွေကို ဆမ်လော့သွားမလားလို့ မေးတိုင်း သူတို့က မယုံကြည်သလိုလိုနဲ့၊ အခု မီးလင်းတော့မယ်ဆိုတော့ အလုပ်ပိုဖြစ်လာတော့မယ်လို့ မြင်မိပါတယ်"ဟု ရှမ်းအိုးစည်ဂိတ်မှ သုံးဘီးဆိုင်ကယ်ပြေးဆွဲသူ ကိုဇော်လင်းမှ ပြောသည်။
"တံတားပေါ်မှာ မီးထိန်ထိန်လင်းတော့မယ်ဆိုရင်တော့ ကောင်းတာပေါ့၊ လင်းလင်းရှင်းရှင်းရှိတဲ့အခါ ညဘက် တံတားဖွင့်ချိန် ထိုင်းဘက်က အလည်လာသူတွေလည်း များလာမယ်လို့ ယူဆရတယ်၊ အဲ့ဒီအပြင် မီးလင်းနေမယ်ဆိုရင် ထိုင်းထက် သာသွားနိုင်တာပေါ့.."ဟု အမှတ်(၁) တံတားထိပ်ရှိ လုပ်ငန်းရှင် အမျိုးသမီးတစ်ဦးက ပြောသည်။
အမှတ်(၁)တံတားပေါ်တွင် မီးတိုင်များကို စတင်စိုက်ထူခြင်း အဖြစ် ဖေဖော်ဝါရီလ (၁၈)ရက် နေ့လယ်ပိုင်းက တပ်ဆင်ရေးအပိုင်းမှ ဆောင်ရွက်နေလျက်ရှိရာ စနစ်တကျဖြစ်စေရေး အတွက် မြို့မီးလင်းရေးကော်မတီ ဥက္ကဌ၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ မြို့မီးလင်းရေးကော်မတီ ဒု-ဥက္ကဌ ဦးကျော်ငြိမ်း နှင့် မြို့မီးလင်းရေးကော်မတီမှ လူမှုဆက်ဆံရေး တာဝန်ခံ ဦးစိုင်းခမ်းမွန်းတို့က ကြီးကြပ်၍ ဆောင်ရွက်ခဲ့ကြသည်။
ပုံများကိုကြည့်ရန်