တာချီလိတ်မြို့တွင် ပြီးခဲ့သည့် ၂၀၁၄ခုနှစ် စက်တင်ဘာလအတွင်းက ဖြစ်ပွားခဲ့သော ရေကြီး ရေလျှံဖြစ်ပွားမှုတွင် တင်ကျန်နေခဲ့သည့် နုန်းနှင့်ရွှံ့နွံများ၊ အမှိုက်ထုပ်များကို ပုန်းထွန်ရပ်ကွက်၊ ကျောက်တောင်ရှိ မြို့မသုဿန်အနီးတွင် စွန့်ပစ်ထားရှိခဲ့ရာ ယခုအခါမှာ အဆိုပါ အမှိုက်ထုပ်များကို (၅)ရက်တိတိ အကြာ ရှင်းလင်းဖယ်ရှားခဲ့ရကြောင်း သတ္တုလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးမြင့်ဦး(မုတ်ဆိတ်)ထံမှ သိရသည်။
မိုးကြီး၍ ရေကြီးရေလျှံမှုကြောင့် ပုန်းထွန်ရပ်ကွက်၊ တာလော့ရပ်ကွက်တို့တွင် နုန်းနှင့်ရွှံ့နွံများမှာ အဆမတန်များပြားခဲ့ပြီး သက်ဆိုင်ရာအလိုက် စုပေါင်းရှင်းလင်းရာတွင် သတ္တုလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးမြင့်ဦး(မုတ်ဆိတ်) နှင့် အဖွဲ့လည်း အပါအ၀င်ဖြစ်ရာ ယခုအခါမှာ စွန့်ပစ်ထားရှိသော အမှိုက်ထုပ်များကို အချိန်(၅)ရက်တိတိအကြာ စက်အင်အား လူအင်အားဖြင့် အသုံးပြုကာ ဦးမြင့်ဦး(မုတ်ဆိတ်)မှ အကုန်အကျခံကာ ဆောင်ရွက်စေခဲ့ပြီး သုဿန်အနီးရှိ ၀မ်ကောင်းမြို့ပတ်လမ်း ၀ဲယာနှစ်ဖက်ရှိ အမှိုက်ပုံများကိုလည်း ရှင်းလင်းစေခဲ့ကြောင်း သိရသည်။
ထိုသို့ရှင်းလင်းရခြင်းသည့် တစ်စုံတစ်ဦးတစ်ယောက်၏ ညွှန်ကြားချက်ကြောင့် မဟုတ်ဘဲ၊ မိမိ၏ အသိစိတ်ဖြင့် အကုန်အကျခံကာ ဆောင်ရွက်တာဖြစ်ကြောင်း နှင့် ရေစီးရေလာ ကောင်းမွန်ရေးနှင့် သန့်ရှင်းစေရေးအတွက် ဆောင်ရွက်တာဖြစ်ကြောင်း ဦးမြင့်ဦး(မုတ်ဆိတ်)ထံမှ သိရသည်။