ထိုင်းနိုင်ငံ ဘက်သို့ တရားမ၀င်သွားရောက်ပြီး အလုပ် လုပ်ကိုင်ကာ ဖမ်းဆီးခံရသော မြန်မာနိုင်ငံသား (၁၀၅)ဦးအား နှစ်ရက်အတွင်း တာချီလိတ်မြို့ရှိ ထိုင်း - မြန်မာ အမှတ်(၁)ချစ်ကြည်ရေးတံတားပေါ်တွင် ထိုင်းဘက် တာဝန်ရှိသူများက လာရောက်လွှဲပြောင်းပို့ဆောင်ရာ မြန်မာဘက်မှ တာဝန်ရှိသူများက ပြန်လည် လက်ခံခဲ့ကြောင်း သိရှိရသည်။
လာရောက်ပို့ဆောင် လွှဲပြောင်းသော မြန်မာနိုင်ငံသားများတွင် အမျိုးသား(၃၈)ဦး နှင့် အမျိုးသမီး(၁၉)ဦး စုစုပေါင်း(၅၇)ဦးအား မတ်လ(၅)ရက်နေ့ နံနက်(၁၀)နာရီအချိန်က လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်သလို ပြီးခဲ့သည့် မတ်လ(၄)ရက်နေ့ နံနက်ပိုင်းက အမျိုးသား(၅)ဦး နှင့် အမျိုးသမီး(၄၃)ဦး စုစုပေါင်း (၄၈)ဦးတို့အား လာရောက်လွှဲပြောင်းရာ နှစ်ရက်အတွင်း စုစုပေါင်းမှာ မြန်မာနိုင်ငံသား (၁၀၅)ဦးရှိခဲ့ပြီး ဆက်လက်၍လည်း ကျန်ရှိနေသေးသည့် ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားများကိုလည်း ယခုလို လာရောက်လွှဲပြောင်းလာလိမ့်မည်ဖြစ်ကြောင်း မြန်မာဘက် တာဝန်ရှိသူများထံမှ သိရသည်။
"မတ်လ(၄)ရက်နေ့က လာရောက်လွှဲပြောင်းတဲ့ အယောက်(၄၀)ကျော်က ထိုင်းဘက်မှာ အာလူးကောက်ရင်း ဖမ်းခံရတာလို့ ပြောတယ်"ဟု ကိုလင်းလင်းက ပြောသည်။
လာမည့်ရက်ပိုင်းတို့တွင်လည်း ထိုင်းဘက်တွင် ဖမ်းဆီးခံထားရသည့် မြန်မာအမျိုးသမီးများကိုလည်း လာရောက်၍ တရားဝင်လွှဲပြောင်းရန် ကျန်ရှိနေကြောင်းလည်း သိရှိရသည်။