တာချီလိတ်မြို့ ထိုင်း - မြန်မာ နယ်စပ်တံတားအနီးရှိ ၊ တာလော့ဈေးအတွင်း နွေရာသီ လက်ဆောင်ပစ္စည်းများ အရောင်းသွက်လျှက်ရှိကြောင်း သိရသည်။
“ထိုင်းနိုင်ငံအထဲက အလုပ်သမားတွေ အိမ်ပြန်အဖြစ် ၀ယ်တဲ့ပစ္စည်းတွေ ရောင်းကောင်းတယ်၊ ပါတိတ်ထမိန်၊ ဦးထုပ်၊ စွပ်ကျယ်တို့ ရောင်းကောင်းတယ်”ဟု တာလော့ဈေးအတွင်း ဈေးသည် မနေနေမှ ပြောသည်။
တာလော့ဈေးတွင်း ရောင်းကောင်းလျှက်ရှိသော ပါတိတ်ထမိန်တစ်ထည်လျှင် ဘတ်(၁၂၀)မှ ဘတ်(၅၀၀)ထိ အမျိုးမျိုးရှိပြီး ပါတိတ်များကို ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံမှ ၀င်ရောက်သော ပစ္စည်းများဖြစ်ပြီး၊ တရုတ်နိုင်ငံမှလည်း ၀င်ရောက်ကြောင်း သိရသည်။
“ဒီရာသီက ထိုင်းလူမျိုးတွေက အလှူလုပ်တဲ့ အချိန်ဆိုတော့ သိပ်မလာဘူး၊ တရုတ်ဧည့်သည်တွေလဲ ရှားသွားတယ်၊ ပြည်တွင်းအိမ်ပြန်တဲ့ ဗမာနဲ့ ရှမ်းတွေ ဈေးလာဝယ်တာများတယ်”ဟု ဈေးသည်တစ်ဦးမှ ပြောသည်။
တာလော့ဈေးသည် တာချီလိတ်မြို့ ထိုင်း - မြန်မာ အမှတ်(၁)ချစ်ကြည်ရေးတံတား အနီးတွင် တည်ရှိပြီး ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံအတွင်းမှ တာချီလိတ်မြို့သို့ အလည်လာရောက်သူများ လက်ဆောင်ပစ္စည်း အများဆုံးဝယ်ရာ ဈေးတစ်ခုဖြစ်ပြီး ထိုင်းနိုင်ငံထုတ်နှင့် တရုတ်နိုင်ငံထုတ် ပစ္စည်း မျိုးစုံရရှိနိုင်သည့် အပြင် ဒေသတွင်းထွက် ပစ္စည်းများလည်း ရရှိနိုင်သော ဈေးတစ်ခုဖြစ်သည်။