ကျေးလက် မိသားစု ၀င်ငွေတိုးတက်စေရေး မွေးမြူရေးကျေးလက်လူငယ် သင်တန်းအား ကျိုင်းလပ်မြို့တွင် ပို့ချ

ကျေးလက် မိသားစု ၀င်ငွေတိုးတက်စေရေး မွေးမြူရေးကျေးလက်လူငယ် သင်တန်းအား ကျိုင်းလပ်မြို့တွင် ပို့ချ
မတ် 8, 2015
By Tachileik News Agency

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး စီမံခန့်ခွဲဆောင်ရွက်မှု သင်တန်းနှင့် စနစ်တကျ တိရိစ္ဆာန်မွေးမြူရေး စနစ်များသင်တန်းအား ယနေ့ မတ်လ(၈)ရက်နေ့တွင် ကျိုင်းလပ်မြို့နယ်၊ နမ့်ငေါ့ကျေးရွာ မူလတန်းကျောင်း၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။


ကျေးလက်မိသားစု တစ်ပိုင်တစ်နိုင် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲသော စီးပွားရေး အနာဂတ် အကောင်အထည် ဖေါ်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မွေးမြူရေးနှင့် ကျေးလက် လူငယ်သင်တန်းအား ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း တာချီလိတ်ခရိုင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာကျော်ကျော်စိုးထံမှ သိရသည်။

တာချီလိတ်ခရိုင်အတွင်း လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ တိရိစ္ဆာန် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဖြစ်ထွန်းအောင်မြင်စေရန်၊ ကျိုင်းလပ်မြို့နယ် အတွင်းရှိ မွေးမြူရေး အသိပညာရှင်၊ အတတ်ပညာရှင်တို့၏ ဦးဆောင်မှုဖြင့် မတ်လ(၈)ရက်နေ့မှ မတ်လ (၁၃)ရက်နေ့အထိ စနစ်တကျ တိရိစ္ဆာန်မွေးမြူရေးနှင့် ကူးစက်ရောဂါအန္တရာယ်များ၊ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေး စီမံခန့်ခွဲဆောင်ရွက်မှု သင်ခန်းစာများ သင်ကြား ဆွေးနွေးသွားမည် ဖြစ်ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

သင်တန်းသို့ ကျိုင်းလပ်မြို့နယ် ကျေးရွာများမှ လူငယ်(၂၈)ဦး တက်ရောက်ခဲ့ကြောင်းနှင့် ဖွင့်ပွဲတွင် ရပ်ရွာအတွင်းရှိ မိဘပြည်သူ(၄၆)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~