တာချီလိတ် - တောင်ကြီး ခရီးသွားလာရေးလုပ်ငန်းတွင် ပွင့်လင်းရာသီအတွင်း တာချီလိတ်မှ အိမ်ပြန်ခရီးသည်များ ပိုမိုများပြားလာပြီး ကားဂိတ်များတွင် ဈေးနှုန်းပုံသေ သတ်မှတ်ထားခြင်း မရှိကြောင်း သိရသည်။
“နွေရာသီဆိုတော့ ဒီမှာ အလုပ်လာလုပ်ပြီး အိမ်ပြန်တဲ့ ခရီးသည်တွေများတယ်၊ အများအားဖြင့် ပအိုဝ်၊ ရှမ်းများတယ်၊ ဟိုပုံး ကိုရင်လေးကျောင်းမှာ စေတီ ထီးတင်ပွဲရှိတော့ ပအိုဝ်တွေအကုန် ပြန်ကြတာနဲ့ တူတယ်”ဟု အောင်စိုးမိုးကားဂိတ်မှ ယာဉ်မောင်း ကိုဘာသဲမှ ပြောသည်။
ထိုင်းနိုင်ငံအနှံ့သို့ အလုပ်သွားရောက် လုပ်ကိုင်သော ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့် တာချီလိတ်သို့ လာရောက် အလုပ်လုပ်သူများသည် ပွင့်လင်းရာသီဖြစ်သည့် အတွက် အိမ်ပြန်သော ခရီးသည်များ ပိုမိုများပြားခြင်းဖြစ်ကြောင်းနှင့် တာချီလိတ်မှ အပြန်ခရီးသည်များသော်လည်း တောင်ကြီးမှ အလာခရီးသွားများ နည်းပါးနေကြောင်းအပြင် စူပါကာစတန် အံစာတုံး ကားတစ်စီးလျှင် ခရီးသည် (၁၅)ဦးခန့်ပါရှိကြောင်း ၎င်းထံမှ သိရသည်။။
“ခရီးသည် တစ်ဦးကို ကျပ်(၂၅၀၀၀)နှုန်းဝန်းကျင်နဲ့ ရောင်းချတယ်၊ ဒါပေမယ့် မသိနားမလည်တဲ့ ခရီးသည်တွေဆိုရင် ကျပ်(၅၀၀၀၀)လောက်အထိ ဈေးအမျိုးမျိုးနဲ့ ရောင်းတာ၊ ကျွန်တော်က သွားနေကြခရီးမို့လို ပုံမှန်ဈေးနဲ့ရတာ”ဟု ခရီးသည် ကိုတင်ထွန်းနိုင်မှပြောသည်။
ကားဂိတ်များတွင် ပုံမှန်ဈေးနှုန်းများအား သတ်မှတ်ထားသော်လည်း မသိနားမလည်သူများအား ဈေးတင်၍ ရောင်းချခြင်းများရှိကြောင်း၊ အများအားဖြင့် ထိုင်းနိုင်ငံအတွင်းမှ သွားရောက်အလုပ်လုပ်သော မြန်မာနိုင်ငံသားများ အိမ်အပြန်တွင် ဈေးတင်ရောင်းခြင်းဖြစ်ကြောင်း၊ တစ်ချို့သော ခရီးသွားများသည် အလုပ်အကိုင် အဆင်မပြေသဖြင့် အိမ်ပြန်သူများဖြစ်ရာ ထိုသို့ဈေးနှုန်းများ အဆမတန် တိုးတောင်းခြင်းကြောင့် လမ်းခရီးတွင် ဒုက္ခများဖြစ်ပေါ်တတ်ကြောင်း သတ်မှတ်ထားသော ဈေးနှုန်းဖြင့်သာ ရောင်းချစေချင်ကြောင်း ၎င်းမှပြောသည်။
“တစ်ချို့ဆိုရင် လမ်းမှာ ရေသောက်၊ မုန့်စားပြီးပြန်တာ၊ အလုပ်က အဆင်မပြေပါဘူးဆို၊ မြန်မာအချင်းချင်း ရိုက်စားလုပ်လိုက်တော့ မကောင်းဘူးပေါ့၊ ခရီးဖော်အချင်းချင်းကိုယ်ချင်းစာမိတယ်”ဟု မိထ္တီလာသို့ပြန်သူ ခရီးသည်တစ်ဦးမှပြောသည်။
တောင်ကြီး-တာချီလိတ် လမ်းခရီးသည် မိုင်(၄၀၀)ခန့်ရှိရာ တစ်ညအိပ်ရကြောင်း၊ ထိုင်းနိုင်ငံအနှံ့မှ အိမ်ပြန်သူများဖြစ်ရာ ကားဂိတ်များမှ ထိုကဲ့သို့ ဈေးနှုန်းပုံမှန် ရောင်းချခြင်းမပြုသည့်အတွက် အချို့သော ခရီးသည်များ အခက်တွေ့နေရကြောင်း၎င်း ထံမှသိရသည်။