ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် လေသေနတ်များ ရောင်းချသည့် မြန်မာနိုင်ငံသား တစ်ဦးအား တရားမ၀င်ရောင်းချမှုနှင့်အတူ အခွန်မဆောင်မှုတို့ဖြင့် ဖမ်းဆီး

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် လေသေနတ်များ ရောင်းချသည့် မြန်မာနိုင်ငံသား တစ်ဦးအား တရားမ၀င်ရောင်းချမှုနှင့်အတူ အခွန်မဆောင်မှုတို့ဖြင့် ဖမ်းဆီး
မတ် 11, 2015
By Tachileik News Agency

တာချီလိတ်မြို့နှင့် အနီးစပ်ဆုံးဖြစ်သည့် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့၊ ၀မ်းထောင်းဈေးဆိုင်ခန်းတွင်  ဈေးရောင်းချနေသော မြန်မာနိုင်ငံသားတစ်ဦးအား အလုပ်သမားကတ်မရှိဘဲ ဈေးရောင်းချနေမှု နှင့် ရောင်းကုန်ပစ္စည်းများအား အခွန်မဆောင်မှုတို့ဖြင့် မတ်လ(၉)ရက် နေ့လယ်ပိုင်း အချိန်က ရောင်းကုန်ပစ္စည်းများဖြစ်သည့် လေသေနတ်များနှင့် အတူ ဖမ်းဆီးသိမ်းဆည်းလိုက်ကြောင်း ထိုင်းနိုင်ငံ မယ်ဆိုင်သတင်းဌာန၏ ဖော်ပြထားချက်အရ သိရသည်။

Photo: maesainewsonline.com

မယ်ဆိုင်မြို့ ထိုင်း-မြန်မာ အမှတ်(၁)ချစ်ကြည်ရေးတံတားအနီးရှိ ၀မ်းထောင်းဈေးဆိုင်ခန်း တွင်  မြန်မာနိုင်ငံသား ဖြစ်သူ ကျော်ဝင်း(ခ)အလီ၏ ဆိုင်ခန်းအတွင်းမှ လေသေနတ်အရှည်များ၊ ဂတ်စ်ထည့်၍ ကော်သီးလုံးဖြင့် ပစ်ရသော ပစ္စတို(၁၅)လက်ခန့်၊ တံဆိပ်မျိုးစုံပါ လက်ပတ်နာရီ (၃၅)လုံး၊ တံဆိပ်မျိုးစုံပါ မျက်မှန်(၄)လက်၊ ကော်မြှားတံထည့်၍ ပစ်ခတ်ရသော ဒူးလေး(၂)လက်၊ တံဆိပ်အတုပါ ဖုန်းမျိုးစုံ(၅)လုံး၊ တောတွင်းသုံး ဓါးမြှောင်(၅)လက်၊ အခြားပစ္စည်းရောရာ(၂၀)ခန့်နှင့် ရိုင်ဖယ်အသံထိန်း(၇)ခု၊ စနိုက်ပါမှန်ပြောင်းနှင့် အခြားဆက်စပ်ပစ္စည်းများ တွေ့ရှိသဖြင့် ထိုင်းအာဏာပိုင်များမှ ဖမ်းဆီး ထိန်းသိမ်းထားကြောင်း သိရသည်။

ဖမ်းဆီးခံထားရသူ ကျော်ဝင်း(ခ)အလီအား မယ်ဆိုင်မြို့နယ်လ၀ကမှ တဆင့် မယ်ဆိုင်မြို့နယ်ရဲစခန်းသို့ ပို့ဆောင်ထားပြီး နိုင်ငံအတွင်း ဈေးရောင်းချရာမှာ ဈေးရောင်းချခွင့် အလုပ်သမားကတ်မရှိဘဲ နှစ်နိုင်ငံ ယာယီနယ်စပ် ဖြတ်သန်းခွင့်ဖြင့်သာ ဈေးရောင်းချနေထိုင်ခြင်း နှင့် တံဆိပ်ပါပစ္စည်းတုမျိုးစုံအား အခွန်ဆောင်ခြင်းမရှိဘဲ ရောင်းချနေခြင်းတို့အတွက် အမှုဖွင့်အရေးယူ ထားကြောင်း မယ်ဆိုင်သတင်းဌာန၏ ဖော်ပြထားချက်အရ သိရသည်။

ယခုလို ဖမ်းဆီးသိမ်းဆည်းရရှိမှုနှင့် ပတ်သက်၍ မှတ်ပုံတင်ထားခြင်းမရှိသော လက်နက်များနှင့် ဆက်စပ်ပစ္စည်းများရောင်းချနေသည်ဟု သတင်းအရ ချင်းရိုင်းခရိုင် လ၀ကခရိုင်မှူးရဲမှူးကြီး စစ်စီရီကန်ဝမ်ကူး၏ ညွှန်ကြားချက်အရ ပူးပေါင်းအဖွဲ့ဖြင့်  ဈေးဆိုင်ခန်းအတွင်း ၀င်ရောက်ရှာဖွေရာမှ တွေ့ရှိသိမ်းဆည်းရမိတာဖြစ်ကြောင်း သိရှိရသည်။

Ref; maesainewsonline.com

 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~