ရှေ့ မျက်နှာနောက်ထား၊ပြောစရာများ

ရှေ့ မျက်နှာနောက်ထား၊ပြောစရာများ
မတ် 16, 2015
By Tachileik News Agency

"ရပ်မိ ရပ်ဖများကိုတော့ ရှေ့မျက်နှာ နောက်ထား၊ ပြောရဦးမယ်ဗျ.." သူကြီး ဦးစံထွန်းက ကျေးရွာမှာ အစည်းအဝေး လုပ်တိုင်း ဒီစကားလုံးနဲ့ဘဲ အစပျိုးလေ့ရှိတယ်။

မျက်နှာပူစရာရှိတဲ့ ကိစ္စတွေ၊ သားရေး သမီးရေးကိစ္စတွေမှာ ပြောလေ့၊ သုံးလေ့ရှိတဲ့ စကားလုံး သူကြီးပါးစပ်ထဲ ရောက်နေတာ ကာလတော်တော်ကြာပါပြီ။ မှတ်မိသလောက် ဦးစံထွန်းသူကြီး စဖြစ်ချိန်က ဒီနေ့အထိဘဲပေါ့။ (ကျွန်တော့်အဖေ ပြောခဲ့တာတွေကို ပြန်မျှဝေတာပါ၊)

ဒီစကားလုံးကိုဘဲ နှုတ်ငုံဆောင်ထားတယ်ဆိုလည်း အမှားမဆိုသာပါဘူး။ သူကြီးမဖြစ်ခင်ရော ဖြစ်ပြီးချိန်မှာရော သူလုပ်သမျှ အပေါက်အလမ်းကမတည့်၊ ဇောက်ထိဇောက်ထိုး ချည်းပါဘဲ။ သူကြီးမျိုးရိုးက ဆင်းသက်လာတော့ အဖေသူကြီး သားသူကြီးပေါ့။

ခုခေတ်လို ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲမှ မရှိတာ။ ရှိခဲ့လည်း သူကြီးတို့က ဂရုကိုမစိုက်တာ။
သူ့အတွက်မဲရဖို့ ဟောက်ရမလား ခြောက်ရမလား၊ လေပြေထိုးပြီး စည်းရုံးရေး လုပ်ရမလား။ဒါတွေအားလုံး ကျွမ်းပါဘိ၊ မျိုးနဲ့ရိုးနဲ့ ကိုကျွမ်းတာ။

ကြိုက်တဲ့အချိန် မဲရွေးလိုက်၊ ရွာနီးချုပ်စပ် သူ့အမျိုး အင်အားနည်းတာမှ မဟုတ်ထာ၊ သူကြီးက ဘုန်းကြီးကျောင်းထွက်၊ အတန်းပညာ ဘာမှမရှိပေမဲ့ အတွက်အချက်ကတော့
ဆရာကြီး တစ်ဆူပါဘဲ။

တစ်ခါကသူ့ လုပ်ရပ်တွေကို မကြိုက်လို့ ကျေးရွာလူကြီးတွေတိုင်ပင်ပြီး နယ်ပိုင်ရုံးကို စာတင်၊ သူကြီးအသစ် ရွေးချယ်ပေးဖို့ပေါ့။

ဒီအကြောင်းသိသွားတဲ့ ဦးစံထွန်း ဘာလုပ်မယ်ထင်သလဲ၊ သူအုပ်ချုပ်တဲ့ ရွာဆယ်ရွာလုံး တစ်ဦး မကျန်ဖိတ်၊ စတုဒိသာ အလှူပွဲ လုပ်ပေးလိုက်တာ၊ ရွာအားလုံး မီးခိုးတိတ်ဘဲတဲ့...။

မြို့ပေါ်ကလာတဲ့ သူကြီးလောင်း၊ ဦးစံထွန်းနဲ့ အပြိုင်မဲပုံးထောင်လိုက်တာ ဝက်ဝက်ကွဲရှုံးရောဆိုဘဲဗျ။( အင်း-- တစ်လုတ်စားဖူး သူ့ ကျေးဇူးကရှိနေတာကိုး)။
လူတွေကသူ့ ကို အားကိုးလာအောင်၊ယုံကြည်လာအောင် ယုတ္တိယုတ္တာ ရှိမရှိ သူမသိပါဘူး။ ပါးစပ်ကကျောက်ဆင်းတု ခေါင်းငြိမ့်အောင်ပြောတတ်တယ်။ပြောရဲတယ်။
အချိန်တန်လို့ ဖြစ်မလာဘူးဆိုရင် ထုံးစံအတိုင်း"ရှေ့မျက်နှာနောက်ထား ပြောရဦးမယ်" လို့ အကြောင်းပြစကား ဂုဏ်သိက္ခာကိုတန်ဖိုးမထား ပြောပြရဲတယ်။
ဒီလိုအရည်အချင်းကောင်းတွေရှိနေတဲ့ ဦးစံထွန်း၊ မွေးထားတဲ့ သားကငါးယောက်၊ဘမျိုး ဘိုးတူ ချိုကလေးတွေ ကိုယ်စီနဲ့၊ အဖေ သူကြီးအရှိန်အဝါကိုအသုံးချ
လူကြီးလူငယ် ဘာမှမသိသလိုမိုက်ရိုင်းချက်ကလည်းကမ်းကုန်ပါဘိ ဆိုတဲ့ သူတွေ။
သူကြီးအိမ်မှာတောက်တိုမယ်ရလုပ်၊သူကြီးသွားလေရာ နှစ်လုံးပူး သေနတ် ထမ်းပြီးလိုက်ရတဲ့ ချက်ကြီးတို့  ၊ကျော်အောင် တို့ ကတောင် ဆောင့်ကြွားကြွားနဲ့ထောင့်မကျိုးချင်။
ကျေးရွာတွေမှာဖြစ်ခဲ့တဲ့ ရာဇဝတ်မှုတွေ၊ခိုးမှုအစ လူသတ်မှုအဆုံး ဘယ်တော့မှလက်သည်မပေါ်၊ဘယ်ပေါ်ပါ့မလဲ။ "ရွှေသမင် ဘယ်ကထွက် မင်းကြီးတာကထွက်"ဆိုသလို သူကြီးသားနဲ့ အပေါင်းပါတွေ ကျူးလွန်ခဲ့တာက အားလုံးနီးပါး။ ရာဇဝတ်အုပ်တွေ ၊အရေးပိုင်၊ နယ်ပိုင်တွေ လာစစ်ဆေးရင် သူကြီးရဲ့ ပါးရည်နပ်ရည် ကြောင့် ဟိုလို ဒီလိုနဲ့ ဘဲပျောက်ကွယ်သွားရတာပါဘဲ။
တစ်ခါက သူကြီးမိသားစုလုပ်ရပ်တွေကို မကျေနပ်တဲ့ ကာလသားတွေစုပြီး သူကြီးကို အရေးဆိုတယ်။(ဒီနေ့ခေတ် ဆန္ဒပြသလိုပေါ့)
ဒါပေမဲ့ သူကြီးက ပါးနပ်တယ်။လေပြေ လေးနဲ့ ငြိမ်းချမ်းရေးတရားဟောခဲ့တာပေါ့။ အဲ --- နောက်နှစ်ရက်လောက်ကြာတော့ အရေးဆိုခဲ့တဲ့ကာလသားတွေ ချောင်းမြောင်း
ရိုက်နှက်တာခံရပါရော။ ဒါဟာ သူကြီးမိသားစုလုပ်ရပ်လို့ အသေအချာ သိတဲ့လူတွေက သူကြီးအိမ်ကိုစုလာပြီး ပြောဆိုသောင်းကျန်းတော့ -- သူကြီးဦးစံထွန်းက စုံစမ်းဖော်ထုတ် အရေးယူပေးမယ်လို့ ကတိပေးတယ်ဆိုဘဲ။
ကျွန်တော့်အဖေ ပြောပြခဲ့တဲ့ သူကြီးခေတ်က ဂျိုးဖြူကျေးရွာအုပ်စု တိုက်နယ်သူကြီးဦးစံထွန်းအကြောင်းပါ။ သူတို့ တွေမရှိတော့မှပြောမိတာ အတင်းများဖြစ်နေမလား။
လွန်ခဲ့တဲ့ လက သူကြီးရဲ့ မြေးတစ်ယောက်(ကျွန်တော့် ငယ်သူငယ်ချင်း)နဲ့ အမှတ်မထင်ဆုံတုန်း ရှေးဟောင်းနှောင်းဖြစ်တွေ ပြောဖြစ်ခဲ့တယ်။
ဒီတုန်းက သူ့ အဖိုး သူကြီးဦးစံထွန်းအကြောင်းစကားဦးသန်းသွားတော့ ကျွန်တော်ကပြောလိုက်မိတယ်--"ရှေ့မျက်နှာ နောက်ထားပြောရဦးမယ်" လို့ ---။
(မှတ်ချက်။ ။ဘာကိုမှမရည်ရွယ်ပါ --- ဟိုးတုန်းကဖြစ်ခဲ့တာ။)

 Tachileik Online News ( www.tachileik.net  )