တာချီလိတ်မြို့တွင်း ယာဉ်အန္တရာယ်ကင်းဝေးပြီး သန့်ရှင်းသာယာလှပရေးအတွက် လမ်းများကို စည်ပင်သာယာရေးကော်မတီမှ အဆင့်မြှင့်ဆောင်ရွက်နေ

တာချီလိတ်မြို့တွင်း ယာဉ်အန္တရာယ်ကင်းဝေးပြီး သန့်ရှင်းသာယာလှပရေးအတွက် လမ်းများကို စည်ပင်သာယာရေးကော်မတီမှ အဆင့်မြှင့်ဆောင်ရွက်နေ
မတ် 19, 2015
By Tachileik News Agency

တာချီလိတ်မြို့သည် နှစ်နိုင်ငံထိစပ်နေသည့် နယ်စပ်မြို့ဖြစ်သည်နှင့် အညီ မြို့တွင်းလမ်းများ ယာဉ်ကြော ပိတ်ဆို့မှု ကင်းဝေးပြီး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ မြို့တွင်းသန့်ရှင်းသာယာ လှပရေးအတွက် မြို့နယ် စည်ပင်သာယာရေးကော်မတီမှ လမ်းများ အဆင့်မြှင့်တင်ခြင်း၊ လမ်းဘေးဝဲယာ ထပ်မံတိုးချဲ့ခင်းခြင်း၊ မြို့ပတ်လမ်းများ ကတ္တရာလမ်းသားတိုးချဲ့ခင်းခြင်းနှင့် ထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းများအား ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်၊ ဒုတိယ (၆)လပတ် အတွင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများ ဆောင်ရွက်နေမှုများကို ယနေ့ မတ်လ (၁၉)ရက်၊ ညနေပိုင်းက ရှမ်းပြည်နယ် စည်ပင်သာယာရေးကော်မတီရုံးခွဲ(ကျိုင်းတုံ)ဒုတိယဥက္ကဋ္ဌ ဦးသိန်းထိုက် သည် မြို့နယ် စည်ပင်သာယာရေးကော်မတီ တို့မှ တာဝန်ရှိသူများနှင့် အတူ ခွင့်ပြုရန်ပုံငွေ ကျပ်(၄၃၁၅၀၀၀၀)ဖြင့် သုဿန်သွားလမ်း အရှည်(၃၅၀၀)ပေအား မူလလမ်းဘေး ၀ဲယာ(၃)ပေ အကျယ်စီ (၆)လက်မ ထု ကွန်ကရစ် လမ်းသားတိုးချဲ့ခင်းခြင်းနှင့်  ရန်ပုံငွေကျပ်(၃၉၅)သိန်း ဖြင့် မြို့ပတ်လမ်း အရှည် ပေ (၂၀၀၀)အား ဘေးဝဲယာ တစ်ဖက်လျှင်(၆)ပေ အကျယ် (၁၂.၅)လက်မထု ကတ္တရာတိုးချဲ့ ခင်းခြင်း ၊ ရန်ပုံငွေကျပ် (၉၇၅၀၀၀၀)ဖြင့် မြို့ပတ်လမ်း အပိုင်း(၂) အား အရှည်ပေ(၅၀၀) အကျယ်(၆)ပေ၊ ထု(၁၀.၅)လက်မ၊ အရှည် ပေ (၅၀၀)၊ အကျယ်(၁၈)ပေ၊ ထု(၄.၅)လက်မ ကတ္တရာလမ်းသား တိုးချဲ့ခင်းခြင်းနှင့် ကတ္တရာ ထပ်ပိုးလွှာခင်းခြင်း တို့ကို လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများအား သိရှိနိုင်ရန်အတွက် သွားရောက် ကြည့်ရှုသည်။

ဆက်လက်၍ ရန်ပုံငွေကျပ်(၁၅၄၅၀၀၀၀)ဖြင့် ရတနာလမ်းအား အရှည်ပေ (၁၅၀၀)၊ အကျယ်(၁၂)ပေ၊ ထု(၃)လက်မကတ္တရာ ထပ်ပိုးလွှာခင်းခြင်း နှင့် ခွင့်ပြု ရန်ပုံငွေကျပ်(၄၂၉)သိန်းဖြင့် (၇၈x၂၅x၁၀)ပေ ရှိ (၆)ခန်းတွဲ ကျောက်တောင် ၀န်ထမ်းအိမ်ရာ ဆောက်လုပ်နေမှု လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးရာ တာဝန်ခံအင်ဂျင်နီယာ (အင်ဂျင်နီယာမှူး) ဦးလှမျိုး နှင့် တာဝန်ရှိသူများက လုပ်ငန်းများအလိုက် သတ်မှတ်စံချိန် စံညွှန်းနှင့်အညီ ဆောင်ရွက်ပြီးစီးမှုများကို အသေးစိတ်ရှင်းလင်းခဲ့ကြောင်း သိရသည်။

သတင်း။  ။ ဝေယံလင်း

 Tachileik Online News ( www.tachileik.net  ) 
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~