ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ၊ တာချီလိတ်ခရိုင်အတွင်း၌ ဓမ္မစကူးလ်ကျောင်းတော်ပေါင်း (၂၂)ကျောင်းကို ဖွင့်လှစ်သင်ကြားလျက်ရှိရာ ယခုအခါမှာ ကျောင်းများတွင် လစ်လပ်လျက်ရှိသော ဆရာတော်/သံဃာတော်များ နှင့် ဆရာ၊ဆရာမများ၏ နေရာတွင် အစားထိုး သင်ကြားနိုင်ရန်နှင့် ဓမ္မစကူးလ် ကျောင်းတော် အသစ်များ တိုးချဲ့ ဖွင့်လှစ်နိုင်ရန် ရည်ရွယ်၍ "တတိယအကြိမ်မြောက်" ဓမ္မစကူးလ်ဆရာဖြစ် သင်တန်းဖွင့်ပွဲကို ယနေ့ ၂၀၁၅ခုနှစ် မတ်လ(၂၁)ရက် နံနက်ပိုင်းက တာချီလိတ်မြို့ရှိ မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာအဖွဲ့ခွဲ (၃၄၈)တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
ယင်းနောက် တာချီလိတ်မြို့နယ်လုံးဆိုင်ရာ ဓမ္မစကူးလ်ကျောင်းတော် ဥက္ကဌ ဦးကျော်သီဟမှ ယခုလို တတိယအကြိမ်မြောက် ဓမ္မစကူးလ် ဆရာဖြစ် သင်တန်းဖွင့်လှစ်ရာတွင် ပူးပေါင်းပါဝင်ကြသူများနှင့် စေတနာရှင် အလှူရှင်များအား ကျေးဇူးတင်ရှိပါကြောင်း စသည်ဖြင့် ကျေးဇူးတင်စကား ပြောကြားသည်။
ယခု ဖွင့်လှစ်ပို့ချမည့် သင်တန်းတွင် ဓမ္မစကူးလ်ဖောင်ဒေးရှင်း(ဗဟို)မှ သင်ကြားမှု ဆရာ/မများမှ လာရောက် သင်ကြားပို့ချပေးရာ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၆၀)ဦးရှိပြီး သင်တန်းအား ယနေ့ မတ်လ(၂၁)ရက်နေ့မှ မတ်လ(၂၈)ရက်နေ့အထိ သင်ကြားပို့ချပေးသွားမှာဖြစ်ရာ သင်တန်းသို့ လာရောက် လေ့လာလိုသူများ အနေဖြင့်လည်း လေ့လာလိုပါက လာရောက်လေ့လာနိုင်ပါကြောင်း တာချီလိတ်မြို့နယ်လုံးဆိုင်ရာ ဓမ္မစကူးလ်ကျောင်းတော် အလုပ်အမှုဆောင်အဖွဲ့မှ သိရသည်။
တာချီလိတ်မြို့နယ်တွင် ဓမ္မစကူးလ်ကျောင်းတော်ကို ၂၀၁၃ခုနှစ် သြဂုတ်လ(၁၈)ရက်နေ့က စတင် ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ယနေ့ ၂၀၁၅ခုနှစ် မတ်လအထိ ဖွင့်လှစ်ခဲ့ပြီးသော ဓမ္မစကူးလ်ကျောင်းများမှာ စုစုပေါင်း(၂၂)ကျောင်းရှိပြီး၊ ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ်များ အနေဖြင့် စုစုပေါင်း (၃၅၀၀)ခန့် ရှိပြီဖြစ်ကြောင်း နှင့် ယခု သင်တန်းတွင် ထွက်ပေါ်လာမည့် ဆရာ၊ ဆရာမများအပါအ၀င် သင်ကြားမှု ဆရာ၊ ဆရာမများမှာ စုစုပေါင်း (၁၂၄)ဦး ရှိလာတော့မှာ ဖြစ်ကြောင်း သိရှိရသည်။
ပုံများကိုကြည့်ရန်