နမ့်ခမ်းမြို့တွင် ကျပ်(၃၉၀)သိန်းကျော် တန်ဖိုးရှိသည့် စိတ်ကြွဆေးပြား နှင့် ဘိန်းစိမ်း ဖမ်းမိ

နမ့်ခမ်းမြို့တွင် ကျပ်(၃၉၀)သိန်းကျော် တန်ဖိုးရှိသည့် စိတ်ကြွဆေးပြား နှင့် ဘိန်းစိမ်း ဖမ်းမိ
မတ် 22, 2015
By Tachileik News Agency

ရှမ်းပြည်နယ်၊ မြောက်ပိုင်းဒေသ၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့တွင် ကျပ်(၃၉၁.၄)သိန်းတန်ဖိုးရှိသည့် စိတ်ကြွဆေးပြားများနှင့် ဘိန်းစိမ်းတို့ကို မတ်လ(၂၁)ရက်နေ့ ညနေ(၆)နာရီခန့်က လက်ဝယ် တွေ့ရှိရသူနှင့်အတူ မူးယစ်ဆပ်ဖွဲ့စု(၂၂)မူဆယ်၊ နမ့်ခမ်းလှုပ်ရှားအဖွဲ့မှ ဖမ်းဆီးသိမ်းဆည်းရမိကြောင်း သတင်းရရှိသည်။

မူးယစ်ဆပ်ဖွဲ့စု (၂၂)မူဆယ်၊ နမ့်ခမ်းလှုပ်ရှားအဖွဲ့ပါဝင်သည့် ပူးပေါင်းအဖွဲ့တို့သည် ရရှိထားသော မူးယစ်ဆေးဝါး သတင်းအရ နမ့်ခမ်းမြို့၊ မိုခမ်းရပ်ကွက်နေ ရှောက်လု(မ)၏ နေအိမ်အား ရှာဖွေခွင့် ၀ရမ်းဖြင့် ၀င်ရောက်ရှာဖွေခဲ့ရာမှ ၎င်းနေထိုင်သည့် နေအိမ်ကြမ်းခင်းနှင့် ထိုင်ခုံတို့ပေါ်မှ ကျပ်(၃၉၁.၄)သိန်း တန်ဖိုးရှိသည့် စိတ်ကြွဆေးပြားများနှင့် ဘိန်းစိမ်းတို့ကို သိမ်းဆည်းရမိတာဖြစ်ကြောင်း နမ့်ခမ်းလှုပ်ရှား မူးယစ်အဖွဲ့မှ သိရသည်။

အဆိုပါ အဖွဲ့မှ သိမ်းဆည်းရမိသော မူးယစ်ဆေးဝါးများတွင် ကျပ်(၁၁၇)သိန်း တန်ဖိုးရှိပြီး စုစုပေါင်း အလေးချိန်(၁၁.၇)ကီလိုခန့်ရှိသည့် ဘိန်းစိမ်းများနှင့် တန်ဖိုးငွေ ကျပ်(၂၇၄.၄)သိန်းခန့် တန်ဖိုးရှိသည့် 88 နှင့် 1 စာတန်း တစ်ဖက်ဆီပါ ပန်းရောင်စိတ်ကြွဆေးပြား နှင့် Wy စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား စုစုပေါင်း (၁၃၇၂၀)ပြားတို့ ပါဝင်ကြောင်း သိရသည်။

ဆက်လက်၍ အဆိုပါ အဖွဲ့မှ မူးယစ်ဆေးဝါးများနှင့်အတူ လက်ဝယ်တွေ့ရှိရသူ ရှောက်လု(မ)အား နမ့်ခမ်းမြို့မ ရဲစခန်းတွင် မူးယစ်(ပ)၂၆/၂၀၁၅၊ မူးစိတ်ပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့် အရေးယူထားရှိကြောင်း မူးယစ်တပ်ဖွဲ့မှ သိရှိရသည်။

 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~ ကြော်ငြာ ~~~~~~~~~