အခြေခံ မဲဆန္ဒရှင် စာရင်းများကို ကွန်ပျူတာဖြင့် ထည့်သွင်း ပြုစုခြင်းဆိုင်ရာ သင်တန်း တာချီလိတ်၌ ပို့ချ

အခြေခံ မဲဆန္ဒရှင် စာရင်းများကို ကွန်ပျူတာဖြင့် ထည့်သွင်း ပြုစုခြင်းဆိုင်ရာ သင်တန်း တာချီလိတ်၌ ပို့ချ
မတ် 23, 2015
By Tachileik News Agency

လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်ပေါ်စေရေးအတွက် တစ်နိုင်ငံလုံးဆိုင်ရာ အခြေခံ မဲဆန္ဒရှင် စာရင်းပြုစုခြင်း သင်တန်းအား ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ အောင်မြတ်ခန်းမတွင် ယနေ့ မတ်လ(၂၃)ရက် နံနက်ပိုင်းက ရွေးကောက်ပွဲဆိုင်ရာ နိုင်ငံတကာဖောင်ဒေးရှင်း (IFES)မှ ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ခရိုင်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကြည်ဝင်းမောင် က သင်တန်း  အဖွင့်အမှာစကား ပြောကြားရာတွင် ပွင့်လင်းမြင်သာမှုရှိပြီး လွတ်လပ်၍ တရားမျှတသည့်
ရွေးကောက်ပွဲတစ်ခု ဖြစ်လာမည့်အပြင်၊ စနစ်တကျ အောင်မြင်စွာ ကျင်းပနိုင်ရန် လိုကြောင်း၊ ရွေးကောက်ပွဲ တစ်ခု၏ အရေးကြီးဆုံး အပိုင်းသည် မှန်ကန်စွာပြုစုထားသည့် အခြေခံမဲ စာရင်းဖြစ်ကြောင်း၊ အခြေခံ မဲစာရင်းပြုစုရာတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် က ထုတ်ပြန်ထားရှိသော ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ ရေးဆွဲထားသည့် အခြေခံ မဲဆန္ဒရှင်စာရင်း ပြုစုခြင်းလက်စွဲ စာစောင်ပါ လုပ်ငန်းလမ်းညွှန် ချက်များအတိုင်း စနစ်တကျ ပြုစု ဆောင်ရွက်ရန် ပြောကြားသည်။

ဆက်လက်၍ IFES Myanmar မှ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ (အရှေ့ပိုင်း)နှင့် ကယားပြည်နယ် သင်တန်း တာဝန်ခံ ဒေါ်နန်းထားထားချို က အခြေခံမဲဆန္ဒရှင်စာရင်းများ ကွန်ပျူတာဖြင့် အချက်အလက်များ ထည့်သွင်းခြင်း နှင့် ကွန်ပျူတာ Software သွင်းနည်းတို့နှင့် စပ်လျဉ်းပြီး ရှင်းလင်းပြောကြားသည်။

“ပြည်တောင်စုရွေးကောက်ပွဲကော်မရှင်(UEC) ရဲ့ အဓိက မဟာဗျူဟာ လုပ်ငန်းစဉ် ရေးဆွဲခြင်းနှင့် အခြေခံ မဲဆန္ဒရှင် စာရင်းပြုစုခြင်းကို IFES က နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးပေးပါတယ်”ဟု ဒေါ်နန်းထားထားချိုမှ ပြောသည်။

နိုင်ငံတကာ ရွေးကောက်ပွဲဆိုင်ရာ ဖောင်ဒေးရှင်း International Foundation for electoral Systems(IFES)သည် ကမ္ဘာ့နိုင်ငံပေါင်း (၁၀၀)ကျော်တွင် ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ဒီမိုကရေစီ လုပ်ငန်းနှင့် ဆိုင်သည့် ကျွမ်းကျင်မှု အထောက်အပံ့ပေးရာတွင် လုပ်ငန်း အတွေ့အကြုံ (၂၅)နှစ်ခန့် ရှိပြီဖြစ်ပြီး အစိုးရအဖွဲ့ မဟုတ်သော သီးသန့်ရပ်တည်သည့် အဖွဲ့အစည်းဖြစ်ကြောင်း သိရသည်။

IFES မှ ၂၀၁၅ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကွန်ပျူတာ အချက်အလက်သွင်း လုပ်ငန်း၊ မဲဆန္ဒရှင် စာရင်းများနှင့် ပတ်သက်၍ မဲဆန္ဒရှင်များအား အသိပညာပေးခြင်း၊ လူမှုအဖွဲ့အစည်းနှင့် ရွေးကောက်ပွဲကော်မရှင်အား ကူညီပေးခြင်းနှင့် (IT)နည်းပညာနှင့် စက်ပစ္စည်းများ အကူအညီပေးခြင်းများ ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။

“ပထမဆုံး ရန်ကုန်မြို့မှာ Laptop(၁၀)လုံးနဲ့ မြို့နယ်(၁၀)မြို့နယ်၊ နေပြည်တော်မှာ (၈)မြို့နယ် စတင်ခဲ့ပြီးပါပြီ၊ ကျန်တဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ဖြန့်ကျက်နိုင်ဖို့ ဆောင်ရွက်နေပါတယ်”ဟု  မနန်းထားထားချိုမှ ဆက်လက် ရှင်းလင်းပြောကြားသည်။

သင်တန်းတက်ရောက်သူများမှ ပထမအဆင့် အနေနှင့် ပုံစံ ၆၆/၆ (သို့) ပုံစံ(၁)တွင် ပြုစုထားသော မဲဆန္ဒရှင် စာရင်းများအား မြို့နယ်တစ်ခုချင်းစီ အလိုက် Software များတွင် DEO Training မှ သင်တန်းသားများ ရေးသွင်းသွားရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းသို့ တာချီလိတ်၊ မိုင်းဖြတ်၊ မိုင်းယောင်း၊ မိုင်းဆတ် နှင့် မိုင်းတုံမြို့နယ်များမှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၄၀)ဦး တက်ရောက်ပြီး၊ မတ်လ (၂၃)ရက်မှ (၂၄)ရက်နေ့အထိ အောင်မြတ်ခန်းမမှာပင် သင်ကြားပို့ချသွားမှာ ဖြစ်ကြောင်း သိရှိရသည်။

သတင်း။  ။ ဝေယံလင်း၊ ဇက်(Z)
ဓါတ်ပုံ။  ။ ဇောင်းညီ

 Tachileik Online News ( www.tachileik.net  ) 
~~~~~~~~ ကြော်ငြာ ~~~~~~~~~