လေလံတင် ရောင်းချသည့် ကျွဲများအား ကျပ် (၆၂)သိန်းကျော်ဖြင့် ပေးဝယ်ကာ ဘေးမဲ့တောသို့ လွှတ်၍ အသက်ချမ်းသာပေး

လေလံတင် ရောင်းချသည့် ကျွဲများအား ကျပ် (၆၂)သိန်းကျော်ဖြင့် ပေးဝယ်ကာ ဘေးမဲ့တောသို့ လွှတ်၍ အသက်ချမ်းသာပေး
မတ် 23, 2015
By Tachileik News Agency

မတ်လ(၁၄)ရက်နေ့က မိုင်းဖြတ် - မိုင်းယောင်း လမ်းပေါ်တွင် ပိုင်ရှင်မဲ့အဖြစ် ဖမ်းဆီးရမိသည့် ကျွဲများကို ယနေ့ မတ်လ(၂၃)ရက် နံနက်ပိုင်းက ဈေးပြိုင်စနစ်ဖြစ် လေလံတင်ရောင်းချရာ တစ်ဦးတည်းမှ ကျွဲများ အားလုံးကို ၀ယ်ယူသွားပြီး တာချီလိတ်မြို့နယ်ရှိ “ထာဝရ တိရိစ္ဆာန် ဘေးမဲ့လွှတ်တော”တွင် ဘေးမဲ့ လွှတ်ပေးလိုက်ကြောင်း သိရသည်။

ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ် - မိုင်းယောင်း သွားလမ်းပေါ်တွင် Mobile Team အဖွဲ့မှ ပိုင်ရှင်မဲ့အဖြစ် မတ်လ(၁၄)ရက်နေ့က ဖမ်းဆီးရမိသော ကျွဲ(၁၇)ကောင်တွင် တစ်ကောင်မှာ ကျန်းမာရေး မကောင်း၍ သေဆုံးသွားပြီး ကျန်ရှိသည့် ကျွဲ(၁၆)ကောင်ကို ယနေ့ မတ်လ(၂၃)ရက် နံနက်ပိုင်းက တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် လေလံတင်ရောင်းချရာ ကျွဲ(၁၆)ကောင်အား စုစုပေါင်း တန်ဖိုးငွေကျပ် (၆၂၇၀၀၀၀)ဖြင့် ပေးဝယ်ကာ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၊ နမ့်ခင်းကျေးရွာအုပ်စု၊ ကျကကျေးရွာ အနီးတွင် တည်ရှိသည့် “ထာဝရ တိရိစ္ဆာန် ဘေးမဲ့လွှတ်တော”သို့ ဘေးမဲ့လွှတ်ပေးလိုက်သူမှာ ဘေးမဲ့လွှတ်တော စီမံကိန်း အဖွဲ့ခေါင်းဆောင် ဦးအားဖာ(တပင်ရွှေထီး) အဖွဲ့မှ ဖြစ်ကြောင်း သိရသည်။

ထိုသို့ ပိုင်ရှင်မဲ့အဖြစ် ဖမ်းဆီးရမိသည့် ကျွဲများကို သက်ဆိုင်ရာမှ လေလံတင်၍ ရောင်းချရာတွင် ဦးအိုက်ပျန်း၊ ဦးမျိုးမင်းထွန်း(တပင်ရွှေထီး)၊ ဦးကျော်တင့် နှင့် ဦးအိုက်ရှဲန် စသည့် (၄)ဦးမှ ဈေးပြိုင်ပွဲယူရာ ဦးမျိုးမင်းထွန်း(တပင်ရွှေထီး) မှ ကျွဲကြီး(၉)ကောင်အား ကျပ်(၄၇၃၅၀၀၀)ဖြင့် လည်းကောင်း၊ ကျွဲငယ်(၇)ကောင်အား (၁၅၃၅၀၀၀)ဖြင့် လည်းကောင်း စုစုပေါင်း ကျွဲ(၁၆)ကောင်အား စုစုပေါင်း တန်ဖိုးငွေကျပ် (၆၂၇၀၀၀၀)ဖြင့် ၀ယ်ယူသွားတာဖြစ်ကြောင်း သိရသည်။

 Mobile Team အဖွဲ့မှ ပိုင်ရှင်မဲ့အဖြစ် ဖမ်းဆီးရမိသည့် ကျွဲများကို လေလံတင်ရောင်းချပေးရာတွင် လေလံရောင်းချရေးအဖွဲ့ ဥက္ကဌ၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေနှင့် တာဝန်ရှိသူများ ပါဝင်သည့် အဖွဲ့မှ လေလံတင် စည်းကမ်းနှင့်အညီ ရောင်းချပေးရာ အဆိုပါ ကျွဲများအား ဈေးပြိုင်ဝယ်ယူလိုသူ ထဲတွင် ဘေးမဲ့လွှတ်ပေးလိုသည့် အဖွဲ့ပါဝင်သည့် အတွက် ကျန်ဝယ်ယူလိုသူ များမှလည်း ဈေးမပြိုင်တော့ပဲ ဘေးမဲ့လွှတ်လိုသည့်အဖွဲ့အား ဦးစားပေးစေခဲ့ကြောင်း သိရသည်။

( ကျွဲကြီး လေလံ )

"ကျွဲတွေကို တခြားလူတွေ လက်ထဲရောက်သွားရင်တော့ ဒီလိုဘေးမဲ့လွှတ်တဲ့အထဲ ပါချင်မှ ပါလိမ့်မယ်၊ ဦးအားဖာ(တပင်ရွှေထီး)အဖွဲ့က ဒီလိုမျိုး ဘေးမဲ့လွှတ်ဖို့အတွက် အကုန်ဝယ်သွားတာဆိုတော့ တကယ်ကို ၀မ်းသာတယ်၊ သာဓုလည်း ခေါ်ဆိုပါတယ်၊ အခုဆိုရင် ကျွဲတွေဟာ သဘာဝအလျောက်ပဲ ဘေးမဲ့တောထဲမှာ အသက်ရှင်သန်နိုင်တော့မယ်.."ဟု ဒေသခံ တစ်ဦးမှလည်း ၀မ်းမြောက်စကား ဆိုသည်။

( ကျွဲငယ် လေလံ )

"ကျွဲတွေရဲ့ အသက်ကို ကယ်တဲ့အနေနဲ့ရော ဘေးမဲ့တောမှာ သူ့ဘာသာ လွတ်လွတ်လပ်လပ် သွားလာနိုင်စေဖို့အတွက် ကျွန်တော်တို့ အဖွဲ့က ၀ယ်ယူလိုက်တာပါ"ဟု ကျွဲများကို ၀ယ်ယူရရှိသွားသည့် အဖွဲ့မှ ပြောသည်။

"ဒီကျွဲတွေကို  ကျကကျေးရွာ အနီးမှာ ရှိတဲ့ “ထာဝရ တိရိစ္ဆာန် ဘေးမဲ့လွှတ်တော”မှာ ဘေးမဲ့ လွှတ်ပေးထားမှာ ဖြစ်ပါတယ်၊ “ထာဝရ တိရိစ္ဆာန် ဘေးမဲ့လွှတ်တော”မှာ တာချီလိတ်ကနေ မည်သည့် တိရိစ္ဆာန်ကိုမဆို ဘေးမဲ့လွှတ်ပေးချင်တယ်ဆိုရင် ကျွန်တော်တို့အဖွဲ့ကို ဆက်သွယ်လိုက်ပါ၊ ဘေးမဲ့ လွှတ်ပေးချင်တဲ့ တိရိစ္ဆာန်တွေကို များရင်များသလို လာသယ်ပေးလို့ရပါတယ်၊ ကျွန်တော်ရဲ့ (ထိုင်းဖုန်း ) 0823815999 ကို ဆက်ပြီးတော့လည်း “ထာဝရ တိရိစ္ဆာန် ဘေးမဲ့လွှတ်တော”နဲ့ ပတ်သက်တာတွေ မေးမြန်းလို့ရပါတယ်..."ဟု ဘေးမဲ့လွှတ်တော စီမံကိန်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဦးမောင်အုန်းက  “ထာဝရ တိရိစ္ဆာန် ဘေးမဲ့လွှတ်တော" နှင့် ပတ်သက်၍ ရှင်းပြသည်။

( ဘေးမဲ့လွှတ်တော် ဖွင့်ပွဲပြုလုပ်စဉ်က မြင်ကွင်း )

ရှမ်းပြည်နယ်၊ အရှေ့ပိုင်းဒေသ၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၊ နမ့်ခင်းကျေးရွာအုပ်စု၊ ကျကကျေးရွာ အနီးတွင် တည်ရှိသည့် “ထာဝရ တိရိစ္ဆာန် ဘေးမဲ့လွှတ်တော”၏ ဧက အကျယ်အ၀န်းမှာ ယခုလက်ရှိ ရှမ်းပြည်နယ် အစိုးရထံသို့ (၃၈၀)ဧကအား စာတင်ထားပြီး ထပ်မံ၍ ဧက(၄၀၀)ခန့်ကို တိုးချဲ့ရန် အစီအစဉ်ရှိကြောင်းနှင့် စုစုပေါင်း ဧက(၇၀၀)ကျော် တည်ထောင်သွားမည် ဖြစ်ကြောင်း သိရပြီး၊ လက်ရှိတွင် အဆိုပါ တောအတွင်း၌ ကျွဲ/နွား တိရိစ္ဆာန်များ ဘေးမဲ့လွှတ်ထားလျက်ရှိပြီး ပါဝင်ကုသိုလ်ယူသူများမှလည်း မိမိတို့ တတ်နိုင်သည့်ဘက်မှ လာရောက်၍ တိရိစ္ဆာန်များအား ပေးမဲ့အဖြစ် လာရောက် လွှတ်ထားကြကြောင်း သိရှိရသည်။

 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~