ရှမ်းပြည်နယ် မြောက်ပိုင်းဒေသဖြစ်သည့် မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့တွင် ကျပ်သိန်း(၂၀၀၀)ကျော် တန်ဖိုးရှိသည့် စိတ်ကြွဆေးပြားများကို မူးယစ်တပ်ဖွဲ့စု(၂၂)၊ မူဆယ် နမ့်ခမ်းလှုပ်ရှားအဖွဲ့မှ ယနေ့ မတ်လ(၂၄)ရက် နေ့လယ်ပိုင်းက ဖမ်းဆီးရမိကြောင်း မူးယစ်တပ်ဖွဲ့မှ သိရသည်။
မတ်လ(၂၄)ရက်နေ့၏ နေ့လယ်(၁း၃၀)နာရီ အချိန်ခန့်တွင် မူးယစ်တပ်ဖွဲ့စု(၂၂)၊ မူဆယ် နမ့်ခမ်းလှုပ်ရှားအဖွဲ့ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါး သတင်းအရ နမ့်ခမ်းမြို့၊ အမှတ်(၁၄)၊ အောင်မေတ္တာရပ်ကွက်နေ မာတူး(ခ)ကျန်စိ(ကျား)၏ နေအိမ်အား ရှာဖွေခွင့် ၀ရမ်းဖြင့် ၀င်ရောက်ရှာဖွေရာမှ စိတ်ကြွရူးသွပ်ဆေးပြားများကို ဖမ်းဆီးရမိတာ ဖြစ်ကြောင်း နမ့်ခမ်းလှုပ်ရှားအဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါးများကို ရှာဖွေသိမ်းဆည်းရမိမှုနှင့် ပတ်သက်၍ သတင်းရရှိထားသည့် နေအိမ်အား သွားရောက်ရှာဖွေရာ မာတူး(ခ)ကျန်စိ(ကျား)ကို နေအိမ်၌ပင် အသင့်တွေ့ရှိရပြီး မူးယစ်ရဲတပ်ဖွဲ့တို့မှ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ရာ ၎င်းဝတ်ဆင်ထားသည့် သားရေအင်္ကျီအိတ်ကပ်အတွင်းမှ Wy စာတန်းပါ ပန်းရောင် စိတ်ကြွဆေးပြား(၁၅၀)ပြားကို တွေ့ရှိရပြီး ထပ်မံရှာဖွေရာ နေအိမ် ဘေးနံရံနှင့် ကပ်လျက် စီထားသည့် ဗြုံးအုတ်ပုံများအတွင်း သိုဝှက်ထားသည့် Wy စာတန်းပါ ပန်းရောင် စိတ်ကြွဆေးပြား စုစုပေါင်း (၉၉၉၆၀)ပြားကို တွေ့ရှိရသည်ဖြစ်ရာ စုစုပေါင်း စိတ်ကြွဆေးပြားများမှာ (၁၀၀၁၁၀)ပြားဖြစ်သည့်အတွက် ကာလတန်ဖိုးငွေမှာ စုစုပေါင်း ကျပ်(၂၀၀၂.၂)သိန်းခန့် တန်ဖိုးရှိကြောင်း သိရသည်။
ဆက်လက်၍ မူးယစ်ဆေးဝါးများနှင့်အတူ လက်ဝယ်တွေ့ရှိရသူ မာတူး(ခ)ကျန်စိ(ကျား)အား နမ့်ခမ်းမြို့မရဲစခန်းတွင် မူးယစ်(ပ)၂၇/၂၀၁၅၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။