ရှမ်းပြည်နယ် မြောက်ပိုင်းဒေသ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့တွင် ငွေကျပ်(၁၅၇)သိန်းကျော် တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများကို မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ်၊ ကွတ်ခိုင်လှုပ်ရှားအဖွဲ့က ယနေ့ ဧပြီလ(၄)ရက် ညနေ(၆)နာရီခန့်က ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။
ကွတ်ခိုင် - ကောင်းခါးမြို့သစ် သွားကားလမ်းမ နှင့် ကွတ်ခိုင် - လားရှိုးသွား ကားလမ်းဆုံအနီးတွင် မူးယစ်တပ်ဖွဲ့စု (၂၂)မူဆယ်၊ ကွတ်ခိုင်လှုပ်ရှားအဖွဲ့ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါး နှိမ်နင်းရေး လုပ်ငန်းများကို ဆောင်ရွက်နေစဉ်မှာ ကောင်းခါးဘက်မှ ကွတ်ခိုင်ဘက်သို့ အိုက်ဥာဏ် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား မသင်္ကာ၍ ရပ်တန့် စစ်ဆေးရှာဖွေရာမှ စုစုပေါင်း တန်ဖိုးငွေ ကျပ်(၁၅၇.၈)သိန်းရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးသိမ်းဆည်း ရမိတာ ဖြစ်ကြောင်း ကွတ်ခိုင်လှုပ်ရှား မူးယစ်အဖွဲ့မှ သိရသည်။
ဖမ်းဆီးသိမ်းဆည်းရမိသော မူးယစ်ဆေးဝါးများတွင် အလေးချိန် (၇၇)ဂရမ်ခန့် ရှိပြီး တန်ဖိုးငွေ ကျပ်(၁၅၄)သိန်း တန်ဖိုးရှိသည့် ဘိန်းဖြူမှုန့်များနှင့် 88 နှင့် 1 စာတန်း တစ်ဖက်စီပါသည့် ပန်းရောင် စိတ်ကြွဆေးပြား (၁၉၀)ပြားကို ရှာဖွေရရှိရာ အဆိုပါ စိတ်ကြွဆေးပြား၏ တန်ဖိုးငွေမှာ (၃.၈)သိန်း ရှိသည့် အတွက် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ၏ စုစုပေါင်း တန်ဖိုးငွေမှာ ကျပ်(၁၅၇.၈)သိန်း ရှိကြောင်း အဆိုပါ အဖွဲ့မှ သိရသည်။
သိမ်းဆည်းရမိသော မူးယစ်ဆေးဝါးများနှင့် ပတ်သက်၍ လက်ဝယ်တွေ့ရှိရသူအား ကွတ်ခိုင်မြို့မ ရဲစခန်းတွင် မယ(ပ)၃၀/၂၀၁၅၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁အရ အမှုဖွင့်လှစ် ထားရှိကြောင်း သိရှိရသည်။