ထိုင်း - မြန်မာ နှစ်ဖက် ကုန်သည်အသင်းတို့ AEC လမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်ရန် စီးပွားရေးဆိုင်ရာများ တာချီလိတ်၌ ဆွေးနွေးဖလှယ်

ထိုင်း - မြန်မာ နှစ်ဖက် ကုန်သည်အသင်းတို့ AEC လမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်ရန် စီးပွားရေးဆိုင်ရာများ တာချီလိတ်၌ ဆွေးနွေးဖလှယ်
ဧပြီ 5, 2015
By Tachileik News Agency

ကျိုင်းတုံ - တာချီလိတ်ကုန်သည်ကြီးများအသင်းနှင့် ကုန်သွယ်မှုမြှင့်တင်ရေး ဦးစီးဌာန(ကျိုင်းတုံ) တို့ ပူးပေါင်းပြီး ရှမ်းပြည်နယ် အတွင်းရှိ ကုမ္ပဏီများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အသေးစား အလတ်စား ထုတ်ကုန်သွင်းကုန် လုပ်ငန်းရှင်များ၊ ဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်းရှင်များအား အာရှစီးပွားရေး လမ်းကြောင်းပေါ် လျှောက်လှမ်းရာတွင် အထောက်အကူ ဖြစ်စေရန်အတွက် မြန်မာ - ထိုင်း စီးပွားရေး လုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲ (Business Maching) ဖွင့်ပွဲကို ဧပြီလ (၄)ရက်၊ မွန်းလွဲ(၁)နာရီက တာချီလိတ်မြို့၊ ၀မ်ကောင်းရပ်ကွက်ရှိ The Phoenix Hotel တွင် ကျင်းပသည်။

ဆွေးနွေးဖလှယ်ပွဲကို ကျင်းပရာတွင် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက အဖွင့် အမှာစကားအဖြစ် ဈေးကွက်စီးပွားရေး စနစ်တွင် ပုဂ္ဂလိက ကဏ္ဍသည် အဓိကအရေးပါသော အခန်း ကဏ္ဍ ဖြစ်၍ စီးပွားရေးအသင်း အဖွဲ့များရဲ့ စွမ်းဆောင်ရည် ကောင်းမွန်ရေးသည် အထူးအရေးကြီးကြောင်း၊ ယခုလို Business Maching အခမ်းအနားများ ကျင်းပခြင်းဖြင့် စီးပွားရေး အရှိန်မြှင့်တင်လာမှုအပေါ် အစိုးရ၊ပုဂ္ဂလိက၊ ပြည်သူ လုပ်ငန်းများ ပိုမိုချိတ်ဆက်နိုင်ရေး၊ သတင်းလျင်မြန်စွာ ချိတ်ဆက်နိုင်ရေး၊ ဈေးကွက် အရင်းအနှီး ဖော်ဆောင်မှုများ ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေး တို့ကို ပြုလုပ်နိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ မယ်ဆိုင်မြို့အုပ်ချုပ်ရေးမှူး နှင့် ညွှန်ကြားရေးမှူး ဦးအောင်ကျော်ညွန့် တို့က ကုန်သွယ်မှု ဆိုင်ရာများနှင့် စပ်လျဉ်းပြီး အဖွင့်အမှာ စကားပြောကြားသည်။

ယင်းနောက် ရှမ်းပြည်နယ်(အရှေ့ပိုင်း) စိုက်ပျိုးရေးဦးစီးဌာန မှ တွဲဖက်ပြည်နယ်ဦးစီးမှူး ဦးဇော်မြင့် က စိုက်ပျိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံကုန်သည်ကြီးများအသင်း (UMSCCI) မှ တွဲဖက် အတွင်းရေးမှူး ဦးအေးလွင် က နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းများနှင့် ကုန်သွယ်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ၊ Maekhong Institute မှ အစီအစဉ်ရေး ဆွဲရေး တွဲဖက်အတွင်းရေးမှူး Mss.Shani က တောင် - မြောက်စီးပွားရေး လုပ်ငန်းရှင်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ၊ မယ်ဆိုင်မြို့ ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ Mss.Pakaimas Vierra နှင့် တာချီလိတ်မြို့ ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ တို့က ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ သယ်ယူပို့ဆောင်ရေးနှင့် စပ်လျဉ်းသည်များအား ရှင်းလင်း ဆွေးနွေးသည်။

ယင်းဆွေးနွေးပွဲတွင် နှစ်နိုင်ငံမှ အမှန်တကယ် စိုက်ပျိုးထုတ်လုပ်၊ ကူးသန်းရောင်းဝယ်လျက် ရှိသော လုပ်ငန်းရှင်များ၊ ကုမ္ပဏီများက သက်ဆိုင်ရာ စိုက်ပျိုးရေး၊ သတ္တုတူးဖော်ရေး၊ ဆိုလာမီးများရရှိရေး၊ ဟိုတယ် နှင့်ခရီးသွားလုပ်ငန်းများ၊ အိမ်ဆောက်ပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းများ၊လက်မှုပစ္စည်း လုပ်ငန်းများ၊ ပရိဘောဂ၊ စားသောက်ကုန်လုပ်ငန်းများ၊ စက်သုံးဆီရောင်းဝယ်ရေး လုပ်ငန်း စသည့် လုပ်ငန်းရှင်များက အစုအဖွဲ့အလိုက် စုဖွဲ့ကာ ဆွေးနွေးကြသည်။

အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနမှ တွဲဖက်ပြည်နယ်ဦးစီးမှူး ဦးညွှန့်ဝေ၊ ကူးသန်းရောင်းဝယ်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာန မှ ဒုတိယညွှန်ကြားရေးမှူး ဦးစိန်ဝင်း၊ ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာများ၊ မြို့နယ်ကုန်သည်ကြီးများအသင်း
ဥက္ကဋ္ဌ ဦးမြင့်ဦး ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ထိုင်းနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင် (၈၀)ဦးခန့် နှင့်
Maekhong Institute မှ (၂၀)ဦး တက်ရောက်ပြီး၊ တွေ့ဆုံဆွေးနွေးဖယ်လှယ်မှုကို ဧပြီလ(၄)ရက်မှ ယနေ့ (၅)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ကြသည်။

ဓါတ်ပုံ။  ။ ဇောင်းညီ
သတင်း/ဓါတ်ပုံ။  ။ ဝေယံလင်း

 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~ ကြော်ငြာ ~~~~~~~~~