မယ်ဆိုင်ရဲတပ်ဖွဲ့မှ သင်္ကြန်ကာလအတွင်း ယာဉ်မောင်းသူများကို အရက်သေစာ သောက်စားထားခြင်း ရှိမရှိ စက်ကိရိယာဖြင့် စစ်ဆေး အရေးယူမှာဖြစ်ကြောင်း CNCMC ကော်မတီ မှ တာချီလိတ်ပြည်သူများအား အသိပေး

မယ်ဆိုင်ရဲတပ်ဖွဲ့မှ သင်္ကြန်ကာလအတွင်း ယာဉ်မောင်းသူများကို အရက်သေစာ သောက်စားထားခြင်း ရှိမရှိ စက်ကိရိယာဖြင့် စစ်ဆေး အရေးယူမှာဖြစ်ကြောင်း CNCMC ကော်မတီ မှ တာချီလိတ်ပြည်သူများအား အသိပေး
ဧပြီ 8, 2015
By Tachileik News Agency

မဟာသင်္ကြန်ပွဲတော် ကာလဖြစ်သည့် ဧပြီလ (၉)ရက်နေ့မှ ဧပြီလ(၁၅) ရက်နေ့ အတွင်း တာချီလိတ်မြို့နှင့် အနီးစပ်ဆုံးဖြစ်သည့် အပြင် မြန်မာနိုင်ငံသားများ နေ့စဉ်သွားလာနေလျက်ရှိသည့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် ထိုင်းရဲတပ်ဖွဲ့များမှ ကား၊ ဆိုင်ကယ်၊ သုံးဘီး(ဆမ်လော့)အပါအ၀င် မော်တော်ယာဉ် မောင်းနှင်သူများအား အရက်သေစာ သောက်စားထားခြင်း ရှိ/မရှိ နှင့် ပတ်သက်၍ စက်ကိရိယာများဖြင့် စစ်ဆေးပြီး ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း CNCMC ကော်မတီ၏ အသိပေး ကြေညာချက်အရ သိရသည်။

( Photo: manager.co.th )

သင်္ကြန်ကာလအတွင်း အရက်သေစာ သောက်စား၍ ယာဉ်မောင်းနှင်မှုများ၊ ယာဉ်မတော်တဆ တိုက်မှုများ၊ ခိုက်ရန်ဖြစ်ပွားမှုများကို တားဆီးကာကွယ်နိုင်ရန် အတွက်ဟု ဆိုကာ စစ်ဆေးမှုများ ပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရသည်။

"ထိုင်းရဲများက ခေတ်မီတဲ့ စက်ကိရိယာများနဲ့ ယာဉ်မောင်းသူ မည်သူကိုမဆို စမ်းသပ်စစ်ဆေးမှုတွေ ဆောင်ရွက်တဲ့ အခါမှာ အရက်သေစာ သောက်စားထားကြောင်း စစ်ဆေး တွေ့ရှိရရင်တော့ အနည်းဆုံး ဒဏ်ငွေအဖြစ် ထိုင်းဘတ်ငွေ (၁၀၀၀)ဘတ် အပါအ၀င် ဥပဒေအရ အရေးယူမှုများကို ပြုလုပ်သွားမယ်လို့ ကျွန်တော်တို့ CNCMC ကော်မတီ မယ်ဆိုင်တာဝန်ခံ ဦးထွန်းမှ တဆင့် မယ်ဆိုင်ရဲတပ်ဖွဲ့က အသိပေး အကြောင်းကြားလာပါတယ်.."ဟု ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေး နှင့် စေ့စပ်ညှိနှိုင်းရေး ကော်မတီ (CNCMC) မှ ဦးအောင်ဖြိုးရှိန်က တာချီလိတ်အွန်လိုင်းသို့ ပြောသည်။

"သင်္ကြန်ကာလအတွင်းမှာ အဲ့လို စစ်ဆေးကြမှာဆိုတော့ မယ်ဆိုင်မြို့ကို ကား၊ ဆိုင်ကယ်၊ ဆမ်လော့များနဲ့ သွားရောက်ကြမယ့် ယာဉ်မောင်းသူ မြန်မာနိုင်ငံသားများ အနေနဲ့ အရက်သေစာ သောက်စားပြီး မသွားကြဖို့လိုပါတယ်...."ဟု ၎င်းမှ ဆက်လက်ပြောကြား အသိပေးလာသည်။

ထိုင်းနိုင်ငံတွင် ယခုလို စစ်ဆေးမည့် ကိစ္စသည် မယ်ဆိုင်တစ်မြို့တည်း မဟုတ်ဘဲ ထိုင်းနိုင်ငံ တစ်နိုင်ငံလုံး၌ စစ်ဆေးသွားမှာ ဖြစ်ပြီး နှစ်စဉ် သင်္ကြန်ကာလတိုင်းမှာ အယ်ကိုဟော တိုင်းတာ စစ်ဆေးသည့် ကိရိယာများဖြင့် စစ်ဆေးမှုများကို ပြုလုပ်လေ့ရှိကြောင်း မယ်ဆိုင်မြို့နေ မြန်မာနိုင်ငံသား တစ်ဦးမှလည်း ဆိုသည်။

 #TachileikNewsAgency
#TachileikOnlineNews
www.tachileik.net  

~~~~~~~~~ ကြော်ငြာ ~~~~~~~~~