မယ်ဆိုင်မြို့တွင် သင်္ကြန်ကာလအတွက် အယ်ကိုဟော စက်ကိရိယာဖြင့် တိုင်းတာစစ်ဆေးသည့် စနစ် စတင်ပြီ

မယ်ဆိုင်မြို့တွင် သင်္ကြန်ကာလအတွက် အယ်ကိုဟော စက်ကိရိယာဖြင့် တိုင်းတာစစ်ဆေးသည့် စနစ် စတင်ပြီ
ဧပြီ 10, 2015
By Tachileik News Agency

တာချီလိတ်မြို့နှင့် အလွန်နီးစပ်သည့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် မဟာသင်္ကြန်ပွဲတော် ကာလ အတွင်းမှစ၍ ဧပြီလ(၁၅) ရက်နေ့ အထိ ကား၊ ဆိုင်ကယ်၊ သုံးဘီး(ဆမ်လော့) အပါအ၀င် မော်တော်ယာဉ် မောင်းနှင်သူများအား အရက်သေစာ သောက်စားထားခြင်း ရှိ/မရှိ နှင့် ပတ်သက်၍ အယ်ကိုဟော တိုင်းတာ စစ်ဆေးသည့် ကိရိယာများဖြင့် စစ်ဆေးမှုများကို ယနေ့ ဧပြီလ(၁၀)ရက်နေ့ နံနက်ပိုင်းတွင် လက်တွေ့ သရုပ်ပြမှုနှင့်အတူ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း CNCMC ကော်မတီ၏ မယ်ဆိုင်တာဝန်ခံ ဦးထွန်း ထံမှ သိရသည်။

"သူတို့အနေနဲ့ စတင်သရုပ်ပြပြီး လုပ်ဆောင်နေပြီဆိုတာရယ် ပွင့်လင်းမြင်သာမှု ရှိရှိနဲ့ လုပ်ထားတယ်ဆိုတာကို သိစေချင်လို့ဆိုပြီး ဒီနံနက်ပဲ ကျွန်တော့်ဆီကို ဖုန်းဆက် အကြောင်းကြားလာလို့ သွားရောက် လေ့လာဖြစ်ခဲ့ပါတယ်.."ဟု ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေး နှင့် စေ့စပ်ညှိနှိုင်းရေး ကော်မတီ (CNCMC)၏ မယ်ဆိုင်တာဝန်ခံ ဦးထွန်းက ပြောပြသည်။

( တိုင်းတာစစ်ဆေး အဖြေထွက် )

"သူတို့အနေနဲ့ စက်ကိရိယာတွေနဲ့ လက်တွေ့သရုပ်ပြတယ်၊ အရက်သေစား သောက်စားထားရင် သောက်စာထားသလောက် နံပါတ်နဲ့ အတိအကျပြတယ်၊ ဖြတ်ပိုင်းလို စာရွက်လေးနဲ့ ပြတယ်"ဟု ၎င်းမှ ဆက်လက်ပြောပြသည်။

တာချီလိတ်မြို့မှ မယ်ဆိုင်မြို့သို့ သင်္ကြန်ကာလအတွင်း သွားရောက် လည်ပတ်မည့် မြန်မာနိုင်ငံသားများ အနေဖြင့် အနေအထိုင် ဆင်ခြင်သင့်ကြောင်း နှင့် အရက်သေစာ သောက်စားပြီး သွားရောက်လည်ပတ်ရန် မသင့်ကြောင်း CNCMC ကော်မတီမှ အသိပေးထားကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် သင်္ကြန်ကာလအတွင်း ယာဉ်တိုက်မှုများ မဖြစ်စေရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေလျက်ရှိသလို တာချီလိတ်မြို့တွင်လည်း သင်္ကြန်ကာလအတွင်း ယာဉ်တိုက်မှုများ၊ ခိုက်ရန်ဖြစ်ပွားမှုများ မဖြစ်စေရေးအတွက် အသိပညာပေးဟောပြောပွဲများ ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။

ဓါတ်ပုံ။   ။ ဦးထွန်း(မယ်ဆိုင်)

 #TachileikNewsAgency
#TachileikOnlineNews
www.tachileik.net  
~~~~~~~~ကြော်ငြာ ~~~~~~~