ထိုင်းနိုင်ငံအတွင်း၌ ထိုင်းဘက် ရဲတပ်ဖွဲ့နှင့် လ၀ကအဖွဲ့မှ တရားမ၀င် အလုပ်သမားများအား နေ့စဉ် ဖမ်းဆီး၍ သက်ဆိုင်ရာ နိုင်ငံများသို့ ပြန်လည် ပို့ဆောင်လျက်ရှိရာ ယနေ့ မေလ(၇)ရက် နေ့လည် (၁း၁၀)နာရီအချိန်က ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ တရားမ၀င် မြန်မာအလုပ်သမား စုစုပေါင်း (၆၀)ဦးကို လွှဲပြောင်းလာရာ မြန်မာဘက် တာဝန်ရှိသူများက ထိုင်း - မြန်မာ အမှတ်(၁) ချစ်ကြည်ရေးတံတားတွင် လွှဲပြောင်းမှုကို လက်ခံခဲ့ကြသည်။
ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ လွှဲပြောင်းလာသော ဖမ်းဆီးရမိသည့် တရားမ၀င် မြန်မာနိုင်ငံသား အလုပ်သမားများတွင် ကရင်ပြည်နယ်မှ အမျိုးသား(၁)ဦး နှင့် အမျိုးသမီး(၁)ဦး၊ မွန်ပြည်နယ်မှ အမျိုးသား(၁)ဦး၊ ရခိုင်ပြည်နယ်မှ အမျိုးသား(၁)ဦး၊ ရှမ်းပြည်နယ် အရှေ့ပိုင်းမှ အမျိုးသား(၅)ဦး နှင့် အမျိုးသမီး(၇)ဦး၊ ရှမ်းပြည်နယ် တောင်ပိုင်းမှ အမျိုးသား(၁၉)ဦးနှင့် အမျိုးသမီး(၁၂)ဦး၊ ရှမ်းပြည်နယ် မြောက်ပိုင်းမှ အမျိုးသား(၇)ဦး နှင့် အမျိုးသမီး (၅)ဦး နှင့် ဧရာဝတီတိုင်းဒေသကြီးမှ အမျိုးသား(၁)ဦး စုစုပေါင်း (၆၀)ဦး ရှိကြောင်း မြန်မာဘက် တာဝန်ရှိသူများ ထံမှာ သိရသည်။
ထိုင်းနိုင်ငံဘက်မှ တရားမ၀င် မြန်မာ အလုပ်သမားများအား ဖမ်းဆီး၍ ထိုင်းလ၀ကအဖွဲ့မှ မယ်ဆိုင်မြို့မှတဆင့် တာချီလိတ်မြို့သို့ လွှဲပြောင်းလာလေ့ရှိပြီး မေလ(၆)ရက်နေ့က (၁၄)ဦးအား လွှဲပြောင်းခဲ့ပြီးဖြစ်ကြောင်း နှင့် ယခုလို လွှဲပြောင်းမှုသည် တစ်ပတ်လျှင် အနည်းဆုံး (၂)ကြိမ်ရှိကြောင်း သိရသည်။