မြို့မဈေး အပြင်တန်း၌ စည်းကမ်းမဲ့ ရောင်းချနေသည့် ဈေးသည်များအား ရှင်းလင်းပြီး စည်းကမ်း မလိုက်နာသူများအား အရေးယူမည်ဟုသိရ

မြို့မဈေး အပြင်တန်း၌ စည်းကမ်းမဲ့ ရောင်းချနေသည့် ဈေးသည်များအား ရှင်းလင်းပြီး စည်းကမ်း မလိုက်နာသူများအား အရေးယူမည်ဟုသိရ
မေ 12, 2015
By Tachileik News Agency

တာချီလိတ်မြို့မဈေး၏ ဈေးအဆောက်အဦ အပြင်ဘက် ပတ်လမ်းပေါ်တွင် ဈေးရောင်းချမှုနှင့်၊ ပလက်ဖောင်းများပေါ်တွင် တိုးချဲ့၍ နေရာချခင်းနေမှုများကို ရှင်းလင်းဖယ်ရှားမှုနှင့်အတူ ယာဉ်သွားယာဉ်လာများအတွက် တစ်လမ်းမောင်းအဖြစ် သိရှိနိုင်ရေးနှင့် လိုက်နာဆောင်ရွက်ရေးအတွက် ယနေ့ မေလ(၁၂)ရက် နံနက်(၄း၃၀)နာရီမှ စ၍ မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။

တာချီလိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးစိုင်းကျော်ဇံ နှင့် အတွင်းရေးမှူး ဦးကျော်ဇင် အပါအ၀င် စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင်များသည် နံနက်(၄း၃၀)နာရီမှစ၍ မြို့မဈေး၏ အပြင်ဘက် လမ်းပေါ်နှင့် ပလက်ဖောင်းများပေါ်တွင် တိုးချဲ့၍ နေရာယူထားမှုများ၊ ဈေးခုံခင်းထားမှုများ နှင့် လမ်းပေါ်တွင် နေရာသတ်မှတ်မှုများကို ဖယ်ရှားခဲ့ကြသည်။

ယခုလို ဖယ်ရှားမှုအား မေလ(၁၁)ရက်နေ့က မြို့နယ်စည်ပင်သာယာရေးကော်မတီရုံးတွင် ဈေးသည် ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများတွေ့ဆုံ ဆွေးနွေးမှုမှ အကြံပြုချက်များဖြစ်သည့် ပထမအထပ်ရှိ ဈေးသည်များမှ ဈေး၏အပြင်တန်းတွင် ဈေးသည်များ ရောင်းချနေမှုကြောင့် ဈေးဝယ်သူများမှာ ပထမအထပ်သို့ ရောက်ရှိလာခြင်းမရှိဘဲ နီးစပ်ရာဖြစ်သည့် အပြင်တန်းတွင်သာ ၀ယ်ယူသွားကြသည့် အတွက် ၎င်းတို့အနေဖြင့် ဈေးရောင်းချမှုမှာ အခက်အခဲများစွာဖြစ်ပေါ်ပြီး ဈေးမရောင်းရသည့်အတွက် ဈေး၏ အပြင်ဖက်၌ စည်းကမ်းမဲ့ရောင်းချနေမှုများကို ရှင်းလင်းပေးပါရန် တင်ပြလာမှုများကို အခြေခံ၍ ဆုံးဖြတ်ချက်ချပြီး ဆောင်ရွက်ခြင်းဖြစ်ကြောင်း နှင့် ဈေးသည်များ အနေဖြင့် စည်ပင်သာယာရေး ဥပဒေကို လိုက်နာကျင့်သုံးနိုင်ရန်အတွက် ဆောင်ရွက်တာဖြစ်ကြောင်း စည်ပင်သာယာရေးကော်မတီမှ သိရသည်။

မြို့မဈေး၏ ယခင်က သတ်မှတ်၍ ရောင်းချခဲ့သော သားငါးတန်းနေရာ၌ ယခု လက်ရှိတွင် အုတ်နံရံများ၌ အမည်များ သတ်မှတ်ထားခြင်းနှင့် ဈေး၏ အပြင်ဖက် လမ်းများပေါ်တွင် အမည်များ သတ်မှတ်ထားခြင်းသည် ဈေးသည်များအား ဈေးရောင်းချခွင့်ပြုရန် အတွက် သတ်မှတ်ထားခြင်း မဟုတ်ကြောင်းနှင့် ထိုသို့ သတ်မှတ်ထားခြင်းသည် အချို့သော ဈေးသူဈေးသားများမှ လာရောက်၍ အမည်များ သတ်မှတ်ထားခြင်းသာဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

အသားသည် အမျိုးသမီး တစ်ဦးက "အားလုံး တပြေးညီဖြစ်အောင် အပြင်မှာ ရောင်းချနေတဲ့ အသားငါးသည်တွေကိုလဲ ကျွန်မတို့ နည်းတူ လာရောင်းစေချင်ပါတယ်၊ ဈေးဝယ်သူတွေကတော့ နီးစပ်ရာမှာ ၀ယ်ကြမှာဆိုပေမဲ့ အပေါ်ကို မတက်လာတော့ ကျွန်မတို့ အသားငါးသည်တွေလဲ မရောင်းရတော့ဘူး.."ဟု တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

စည်ပင်သာယာရေးကော်မတီ၏ သတ်မှတ်ထားသည့် စည်းကမ်းအတိုင်း လိုက်နာဆောင်ရွက်ခြင်း မရှိသည့် ဈေးသည်များကို အရေးယူသွားမှာဖြစ်ပြီး အပြင်တန်းတွင် ရောင်းချနေသည့် အသားငါးသည်များ အနေဖြင့်လည်း စည်းကမ်းလိုက်နာခြင်းမရှိဘဲ ဆက်လက်ရောင်းချနေပါက လုပ်ငန်းလိုင်စင်ကို သိမ်းဆည်းသွားသည်အထိ အရေးယူသွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးကျော်ဇင်မှ ပြောသည်။

"ဒီနေ့ ဈေးအပြင်တန်းပတ်လည်က လမ်းပေါ်တွေ ပလက်ဖောင်းတွေကို စည်ပင်က ရှင်းလင်းရေးလုပ်တာ ကျွန်တော်တို့လဲ စောင့်ကြည့်နေပါတယ်၊ မှတ်တမ်းဓါတ်ပုံလဲ ရိုက်ထားတယ်၊ ဘယ်ဆိုင်တွေ ဖယ်ပေးလဲ၊ မဖယ်ပေးလဲဆိုတာကိုပေါ့၊ ကျွန်တော်တို့ ဈေးသူဈေးသားတွေရဲ့ အကျိုးကိုမျှော်ကိုးပြီး ဆောင်ရွက်ပေးတဲ့လူကို ဈေးကော်မတီ ရွေးချယ်တဲ့အခါ မဲပေးဖို့ အဆင်သင့်ပါပဲ၊ အဲ့လိုမှမဟုတ်ပဲ ကိုယ်ကျိုးအတွက်ပဲ ကြည့်တဲ့လူတွေကိုတော့ ကျွန်တော်တို့ ရွေးမှာ မဟုတ်ပါဘူး.."ဟု ပထမအထပ်တွင် ဈေးရောင်းချသည့် သားငါးသည်တစ်ဦးက ပြောသည်။

"မနေ့က ကျွန်မတို့ ဘုရင့်နောင်ဈေးမှာ ဈေးရောင်းနေတာ၊ အဲ့ဒါ မြို့မဈေးက လူနှစ်ဦးက လာခေါ်တယ်၊ မြို့မဈေးမှာ နေရာတွေပေးနေပြီ လာရောင်းကြဆိုပြီးတော့ပေါ့၊ အဲ့ဒါနဲ့ ကျွန်မတို့ ဈေးသည်တွေလည်း အလုအယက်သွားကြတာပေါ့၊ ဟိုလည်းရောက်သွားရော နေရာတွေခင်းပြီးတဲ့နောက် ဈေးကောက် (၅)ဘတ်ပေးလိုက်ရတယ်၊ ပြီးတော့လဲ ဈေးမရောင်းရပဲ ပြဿနာတက်တာပဲ အဖတ်တင်ခဲ့တယ်.."ဟု ဘုရင့်နောင်ဈေးတွင် ဟင်းသီးဟင်းရွက်ရောင်းချနေသူ အမျိုးသမီးတစ်ဦးက ဆိုသည်။

"တချို့ဈေးသည်တွေကလည်း ဟိုဘက်ဈေး၊ ဒီဘက်ဈေး နှစ်ခွရောင်းနေတာလည်းရှိတာဆိုတော့ အခုလောလောဆယ်မှာတော့ ဈေးက တည်ငြိမ်မှု မရှိသေးဘူး၊ ၀ယ်သူတွေလည်း နည်းသေးတယ်၊ အာခါတန်း ပျံကျဈေးသည်တွေ မရှိတော့ ကျွန်မတို့လို အထည်ဆိုင်တွေအဖို့ အရောင်း တော်တော်ပါးနေတယ်လေ၊ ဈေးဝယ်သူ တော်တော်များများက ဟင်းသီးဟင်းရွက် လာဝယ်ရင်းနဲ့ အထည်ဝယ်ကြတာ ခပ်များများ"ဟု မြေညီထပ်ရှိ အထည်ဆိုင် အမျိုးသမီးတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သတင်း ။  ။ ကိုဇောင်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~