တာချီလိတ်မြို့မဈေး၏ ပထမအထပ်ရှိ မင်းခေတ်သစ်ကုမ္ပဏီပိုင် ဆိုင်ခန်းများတွင် အာခါတန်း ပျံကျဈေးသည်များနှင့် ကုန်ခြောက်၊ အ၀တ်အထည်စသည့် ဈေးသည်များကို မည်သည့် အခွန်အခမှ ကောက်ခံခြင်းမပြုဘဲ မေလ(၁၃)ရက်နေ့မှ စ၍ နှစ်လတိတိ အခမဲ့ ရောင်းချခွင့် ပေးသွားမည်ဖြစ်ကြောင်း မြို့မဈေးအား ဆောက်လုပ်ခွင့်ရရှိခဲ့သော မင်းခေတ်သစ်ကုမ္ပဏီမှ သိရသည်။
"ကျွန်တော်တို့နားကို ဒီမနက်က အာခါတန်းဈေးသည်တစ်ချို့ လာပြီး ပြောကြတယ်၊ သူတို့အတွက် ဈေးရောင်းချဖို့ နေရာအခက်အခဲဖြစ်နေသလို၊ ဒီဈေးမှာပဲ ရောင်းချချင်တဲ့အတွက် နေရာစီစဉ်ပေးပါလို့ ပြောလာလို့ ကျွန်တော်တို့လည်း သူတို့ရဲ့ အကျိုးစီးပွားကို ငဲ့တာနဲ့ ကျွန်တော်တို့ ကုမ္ပဏီက ပိုင်တဲ့ ဆိုင်ခန်းတွေမှာ လုံးဝ အခမဲ့ ပေးရောင်းဖို့ စီစဉ်ထားပါတယ်၊ သူတို့အပေါ် တပြားတချပ်မှ မကောက်ပဲ နှစ်လတိတိ ပေးရောင်းထားမှာပါ.."ဟု မင်းခေတ်သစ်ကုမ္ပဏီမှ ဒါရိုက်တာ ဦးဝင်းလွင်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ပျံကျအုတ်ခုံတန်းများကို မျက်နှာမူထားသည့် ဆိုင်ခန်း(၁၆)ခန်းကို အာခါတန်းပျံကျဈေးသည်များအတွက် သတ်မှတ်ပေးထားကြောင်း၊ အဆိုပါ ဆိုင်ခန်းတွင် ပျံကျဈေးသည်များ စုပေါင်း၍ သတ်မှတ် အတိုင်းအတာဖြင့် ရောင်းချနိုင်ကြောင်း၊ အာခါတန်း ပျံကျဈေးသည်များအတွက် သတ်မှတ်ပေးထားသည့် အခြားဆိုင်ခန်းများတွင် အ၀တ်အထည်များ၊ ကုန်ခြောက်များ၊ စားသောက်ဆိုင်များ လာရောက် ဖွင့်နိုင်ကြောင်း၊ အစားအသောက် ဆိုင်ခန်းများ ချက်ပြုတ်မှုနှင့် ပတ်သက်၍ မီးဖိုအသုံးပြုရာတွင် ဈေးသည်များနှင့် ဈေးဝယ်သူများအား စိတ်အနှောက်အယှက်မဖြစ်စေရန်အတွက် မီးခိုးမထွက်စေရန်ကို ဆောင်ရွက်စေပြီးမှ စနစ်တကျရောင်းချနိုင်ကြောင်း" ၎င်းမှ ဆက်လက်ပြောပြသည်။
မင်းခေတ်သစ်ကုမ္ပဏီမှ မန်းနေးဂျင်းဒါရိုက်တာ ဦးစိုင်းဝန်းပန်(ခ)ဦးမောင်မောင်က"လောလောဆယ် ဒီနှစ်လကို ဆိုင်နေရာခလည်း မကောက်ဘူး၊ ဘာဈေးကောက်မှလည်း မကောက်ဘူုး၊ အခမဲ့ ပေးရောင်းသွားမှာပါ၊ နှစ်လကျော်လွန်သွားလို့ ဆိုင်လခနဲ့ ပတ်သက်ရင်တော့ ဈေးရောင်းရမှုပေါ်မူတည်ပြီး ဈေးရောင်းချသူနဲ့ ကျွန်တော်တို့ ညှိနှိုင်းပြီး ဈေးနှုန်းသတ်မှတ်ပေးမှာပါ၊ မများစေရပါဘူး.."ဟု တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
"ကျွန်တော်တို့ သားငါးတန်းနေရာကိုတော့ အဆင်ပြေအောင်လို့ နေရာအမြန်ဆုံး စီစဉ်နေပါတယ်၊"ဟု ၎င်းမှ ဆက်လက်ပြောဆိုသည်။
"ဘယ်ဈေးဖြစ်ဖြစ် ရောင်းသူ ၀ယ်သူတွေနဲ့ စည်ကားစေချင်ပါတယ်၊ အားလုံးလည်း အဆင်ပြေစေချင်တယ်၊ ကျွန်မတို့ ဈေးသွားဝယ်ရတာလည်း အခုဆို ဘယ်ဈေးမှာ ၀ယ်ရမှန်းမသိဘူးဖြစ်နေတယ်။ ဈေးသည်တွေ အနေနဲ့လည်း ပြတ်ပြတ်သားသားနဲ့ နေရာ အတည်တကျရွေးဖို့ သင့်နေပြီ၊ အဲ့ဒါမှလည်း တာဝန်ရှိသူတွေအနေနဲ့ ဆုံးဖြတ်ချက်ချနိုင်ပြီး ရောင်းသူ၊ ၀ယ်သူတွေလည်း သူ့ဟာနဲ့သူ ဖြစ်လာလိမ့်မယ်လို့ မြင်မိပါတယ်...."ဟု ၀မ်ကောင်းရပ်ကွက်အတွင်းမှ ဈေးဝယ်သူ အမျိုးသမီးတစ်ဦးကို ဆိုသည်။
မင်းခေတ်သစ် ကုမ္ပဏီပိုင် ဆိုင်ခန်းများတွင် ဈေးရောင်းချလိုသူများ အနေဖြင့် မှတ်ပုံတင်များ ယူဆောင်လာကာ မြို့မဈေး၏ အ၀င်ပေါက်တွင် စာရင်းပေးသွင်းနိုင်မှာဖြစ်ကြောင်း နှင့် အာခါတန်း ပျံကျဈေးသည်များ အတွက် နေရာ သတ်မှတ်ပေးမှုကို မေလ(၁၃)ရက် နံနက်(၄း၃၀)နာရီအချိန်တွင် စတင်သတ်မှတ်ပေးသွားမှာ ဖြစ်ကြောင်း သိရသည်။
မြို့မဈေး၏ ပထမအထပ်ရှိ မင်းခေတ်သစ်ကုမ္ပဏီပိုင် ဆိုင်ခန်း(၁၄၀)ခန်းတွင်၊ ဆိုင်ခန်း(၁၆)ခန်း၌ အာခါတန်းပျံကျဈေးသည်များကို နေရာသတ်မှတ်၍ ရောင်းချခွင့်ပေးသွားမှာဖြစ်ပြီး ကျန်ရှိသည့် အခန်းများတွင် စားသောက်ဆိုင်များ၊ အ၀တ်အထည်များ၊ ကုန်ပစ္စည်းများကို ရောင်းချခွင့်ပေးသွားမှာဖြစ်ကြောင်း သိရသည်။
သတင်း ။ ။ ကိုဇောင်း