ရှမ်းပြည်နယ် မြောက်ပိုင်းဒေသ မူဆယ်ခရိုင် နမ့်ခမ်းမြို့တွင် ငွေကျပ် (၂၅)သိန်းတန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများကို မေလ(၁၃)၇က်နေ့ ညနေပိုင်းက ရွှေလီစစ်ဆင်ရေး (၂)စီမံချက်အရ မူးယစ်တပ်ဖွဲ့မှ ဖမ်းဆီးရမိကြောင်း သိရသည်။
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရွှေလီစစ်ဆင်ရေး(၂) စီမံချက်အရ မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ်၊ နမ့်ခမ်းလှုပ်ရှားအဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ မူးယစ်တပ်ဖွဲ့စု(၁၀၂) နေပြည်တော်မှ တပ်ဖွဲ့ဝင်များ နှင့် နယ်မြေခံ ရဲတပ်ဖွဲ့တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ မေလ(၁၃)ရက် (၁၈း၃၀)နာရီအချိန်က နမ့်ခမ်းမြို့အထွက် နမ့်ခမ်း - မိုင်းဝီးသွား ကားလမ်းနမ္မတီးကျေးရွာအ၀င်လမ်းပေါ်၌ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ် မိုင်းဝီးဘက်မှ နမ့်ခမ်းမြို့ဘက်သို့ လီလင်ကော့(ကျား)မောင်းနှင်လာသော မော်တော်ကား ရပ်တန့်ခိုင်းရာ ၎င်းမှာ မောင်းနှင်ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးခဲ့ရာမှ နမ့်ခမ်းမြို့နယ် နောင်မကူးတို့ဆိပ် အရောက်တွင် ဖမ်းဆီးရမိခဲ့ပြီး ၎င်းထံမှ ကျပ်(၂၅)သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ရှာဖွေဖမ်းဆီးရမိတာဖြစ်ကြောင်း နမ့်ခမ်းမူးယစ်အဖွဲ့မှ သိရသည်။
အဆိုပါ ပူးပေါင်းအဖွဲ့မှ လီလင်ကော့(ကျား)၏ မော်တော်ကားအတွင်းရှာဖွေရာတွင် ယာဉ်၏ အင်ဂျင်စက်ခန်း ယာဘက်ဒေါင့်မှ သိုဝှက်သိမ်းဆည်းထားသည့် တန်ဖိုးငွေကျပ်(၁၀)သိန်းရှိ ဘိန်းစိမ်း(၁)ကီလို နှင့် တန်ဖိုးငွေ(၁၅)သိန်းရှိ ဘိန်းဆီခဲ (၃၀၀)ဂရမ်တို့ကို ရှာဖွေ သိမ်းဆည်းရမိတာဖြစ်ကြောင်း မူးယစ်အဖွဲ့မှ သိရသည်။
ဆက်လက်၍ မူးယစ်ဆေးဝါးများနှင့်အတူ လက်ဝယ်တွေ့ရှိရသူ လီလင်ကော့(ကျား)အား နမ့်ခမ်းမြို့မရဲစခန်းတွင် မယ(ပ)၃၈/၂၀၁၅၊ မူး/စိတ် ပုဒ်မ ၁၅/၁၉(က)/၂၀(ခ)အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။