တာချီလိတ်မြို့ပေါ် ဗိုလ်ချုပ်လမ်းဘေးရှိ နမ့်ယွန်းချောင်းအတွင်း ရေစီးရေလာ ကောင်းမွန်စေရေးနှင့် အမှိုက်များ ကင်းစင်ရေးအတွက် ယနေ့ မေလ(၂၃)ရက် နံနက်ပိုင်းက တာချီလိတ်တပ်နယ်မှ အရာရှိစစ်သည် (၁၂၀)ခန့် စုပေါင်း၍ သန့်ရှင်းရေး ပြုလုပ်ခဲ့ကြောင်း သိရသည်။
စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်၊ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်မင်းထွန်း ဦးစီးသည့် တာချီလိတ်တပ်နယ်မှ အရာရှိ စစ်သည် စုစုပေါင်း (၁၂၀)ခန့်တို့သည် နမ့်ယွန်းချောင်းအတွင်း အများပြည်သူများ စည်းကမ်းမဲ့ စွန့်ပစ်ထားသည့် အမှိုက်များအား ရှင်းလင်းဖယ်ရှားခြင်း၊ ချောင်းနှုတ်ခမ်းရှိ အပင်များအား ခုတ်ထွင်ရှင်းလင်းခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်သည့် အနေဖြင့် တာချီိလိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးကျော်ဇင် နှင့် စည်ပင်ဝန်ထမ်းများမှလည်း ပါဝင်ဆောင်ရွက်ကြောင်း သိရသည်။
တာချီလိတ်တပ်နယ်မှ အရာရှိ စစ်သည် တပ်မတော်သားများ နမ့်ယွန်းချောင်းအတွင်း အမှိုက်များ ရှင်းလင်းရာတွင် ဒေသခံများမှလည်း ပူးပေါင်းပါဝင် ကူညီသည့် အနေဖြင့် ဦးစိုင်းရှဲန်+ ဒေါ်နန်းကျင်ထွေး (ရွှေငါး အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး)မိသားစုမှ သောက်ရေသန့် ကတ်(၁၀၀) နှင့် ထမင်းဗူး (၁၆၂)ဗူး အပြင် ကျန်းမာရေး မထိခိုက်စေရန်အတွက် နှာခေါင်းပိတ် အခု(၁၂၀)ကို ပေးဝေလှူဒါန်းခဲ့ပြီး၊ ဒေါ်နန်းငွေဌေး သမီး မစန်းစန်းဦး(ခေါ်)ကန်းညှား တို့မှလည်း M-150 အချိုရယ် (၁၅၀)လုံး နှင့် ထောပတ်ပေါင်မုန့် (၁၈၀)ထုပ်တို့ကို ပေးဝေလှူဒါန်းခဲ့ကြောင်း သိရသည်။
ယင်းအပြင် မြို့နယ်အထောက်အကူပြုကော်မတီဝင် ဦးထွန်းနေဦး + ဒေါ်ခင်ခင်ချို (ဟိုတယ်တာချီလိတ်) မိသားစုမှ သန့်ရှင်းရေးဆောင်ရွက်နေသော အရာရှိ စစ်သည်တပ်မတော်သားများအတွက် အလှူငွေ (၃၀၀၀)ဘတ်ကိုလည်း လှူဒါန်းခဲ့ကြောင်း သိရသည်။
"နမ့်ယွန်းချောင်းကို အဓိကထားပြီး အမှိုက်နဲ့ ပတ်သက်လို့ သန့်ရှင်းရေးလုပ်ခြင်းဟာ အမှိုက်ကင်းစင်ရေးနဲ့ ပတ်သက်ပြီး အောင်မြင်စေမဲ့ နည်းလမ်းတစ်ခုပါ၊ ဒီချောင်းမှာ အမှိုက်တွေ မရှိတော့ဘူးဆိုရင်၊ လာပစ်ရဲမှာ မဟုတ်တော့ဘူး၊ တပ်မတော်သားများအနေနဲ့ အခုလို လာရောက်ပြီး အများပြည်သူ အကျိုးကို ရှေးရှုပြီး ဆောင်ရွက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်.."ဟု ဒေသခံ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
"အခုလို အားကျိုးမာန်တက်နဲ့ လာရောက်ဆောင်ရွက်ပေးသွားတာ အားရဖို့ ကောင်းတယ်၊ အပတ်စဉ် ဒီနမ့်ယွန်းချောင်းမှာပဲ နှစ်ကြိမ်သုံးကြိမ်လောက် လာရောက်ပြီး ဆောင်ရွက်ပေးသွားမယ်ဆိုရင် ဒီချောင်းလဲ အမှိုက်တွေ ကင်းစင်သွားနိုင်ပြီး ချောင်းအနီး နေသူတွေလည်း အမှိုက်များကို အလွယ်တကူ ပစ်ရဲမှာ မဟုတ်တော့ဘူးလို့ ထင်ပါတယ်..."ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။
"အပတ်စဉ် စနေနေ့တိုင်း မြို့ပေါ်က တကယ့် ဆောင်ရွက်ဖို့ လိုအပ်တဲ့နေရာတွေမှာ အခုလို တပ်နယ်က အရာရှိစစ်သည်တွေနဲ့ သန့်ရှင်းရေးလုပ်ငန်းတွေကို လူမှုအကျိုးပြုအနေနဲ့ ဆောင်ရွက်သွားဖို့ ရှိပါတယ်.."ဟု တာချီလိတ်စစ်ဗျူဟာအဖွဲ့မှ အရာရှိတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
သတင်း။ ။ ကိုဇောင်း
ဓါတ်ပုံ။ ။ မောင်ယဉ်ကျေး၊ ရွှေငါး၊ ဦးထွန်း(မယ်ဆိုင်)