မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ (ဗဟို)၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) စစ်မှုထမ်းဟောင်းကြီးကြပ်ရေး အဖွဲ့နှင့် တာချီလိတ်မြို့နယ်စစ်မှုထမ်းဟောင်း စည်းရုံးရေးကော်မတီ တို့က မြို့နယ် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၏ သား၊ သမီး ကျောင်းသား၊ ကျောင်းသူများအတွက် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်၊ ပညာသင်ထောက်ပံ့ငွေ၊ အသက်(၇၀)နှစ် အထက် သက်ကြီးစစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ နှင့် မသန်စွမ်းစစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ထောက်ပံ့ငွေ ပေးအပ်ပွဲကို ယနေ့ အောက်တိုဘာလ (၂၅)ရက်၊ နံနက်(၉)နာရီခွဲအချိန်က အောင်မြတ်ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့၊ ဂုဏ်ထူးဆောင်နာယက စစ်ဗျူဟာအဖွဲ့ (အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်မင်းထွန်းက မြို့နယ်စစ်မှုထမ်းဟောင်း စည်းရုံးရေးကော်မတီ အနေဖြင့် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း အဖွဲ့(ဗဟို)နှင့် ပြည်နယ် စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့တို့၏ လမ်းညွှန် ကြီးကြပ်မှုများနှင့် အညီ လူမှုရေး၊ သက်သာချောင်ချိရေး နှင့် ပြည်သူအကျိုးပြုလုပ်ငန်းများအား ထိထိရောက်ရောက် အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက် သွားကြရန်နှင့် တိုင်းပြည်နှင့် လူမျိုးအတွက် ယုံကြည်ချက်၊ ခံယူချက်ပြည့်ဝခိုင်မာ စွာဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ စဉ်ဆက်မပြတ် အားသွန်ခွန်စိုက်ဆောင်ရွက် သွားကြရန် အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် မြို့နယ်စစ်မှုထမ်းဟောင်း စည်းရုံးရေးကော်မတီ ဥက္ကဋ္ဌ ဗိုလ်ကြီးကျော်ဇင်(ငြိမ်း)က ထောက်ပံ့ငွေ များပေးအပ်ခြင်းနှင့် စပ်လျဉ်းပြီး ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ထောက်ပံ့ငွေများပေးအပ်ရာ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘောဂဗေဒ ဂုဏ်ထူးဖြင့်ထူးချွန်စွာ အောင်မြင်ခဲ့သည့် ပုန်းထွန်နယ်မြေမှ တပ်ကြပ်ကြီး အောင်မင်း(ငြိမ်း)၏ သမီး မယွန်းလဲ့အောင် အား ဂုဏ်ပြု ထောက်ပံ့ငွေကျပ် ( ၂၂၀,၀၀၀ )ကို လည်းကောင်း၊ တက္ကသိုလ်အဆင့် ကျောင်းသား၊ ကျောင်းသူ (၁၈)ဦး အတွက် ထောက်ပံ့ငွေကျပ် (၈၁၀,၀၀၀)ကို လည်းကောင်း၊ ၂၀၁၄-၂၀၁၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူ ကျောင်းသားကျောင်းသူ (၈)ဦး အတွက် ငွေကျပ် (၁၆၀,၀၀၀)ကို လည်းကောင်း၊ ၂၀၁၅-၂၀၁၆ ပညာသင်နှစ် အထက် တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၇၂)ဦးအတွက် ထောက်ပံ့ငွေကျပ် (၃,၈၅၅,၀၀၀)၊ အလယ်တန်းအဆင့်ကျောင်း သားကျောင်းသူ (၆၄)ဦး အတွက် ငွေကျပ်(၂,၅၁၀,၀၀၀) နှင့် မူလတန်း အဆင့်ကျောင်းသား၊ ကျောင်းသူ(၄၃)ဦး အတွက် ငွေကျပ်(၁,၁၅၀,၀၀၀)ကို တာဝန်ရှိသူများက အသီးသီး ထောက်ပံ့ပေးအပ်သည်။
တဆက်တည်းမှာပင် အသက်(၇၅)နှစ်အထက် သက်ကြီးစစ်မှုထမ်းဟောင်းအဖွဲ့ဝင် (၂၆)ဦးအတွက် ငွေကျပ်(၁,၀၄၀,၀၀၀) နှင့် အသက်(၇၀)နှစ်အထက်အဖွဲ့ဝင်(၂၆)ဦးအတွက် ထောက်ပံ့ငွေကျပ်(၅၂၀,၀၀၀)ကို လည်းကောင်း၊ မသန်စွမ်းစစ်မှုထမ်းဟောင်းအဖွဲ့ဝင်(၁၅)ဦး အတွက် ငွေကျပ် (၆၀၀,၀၀၀)ကို လည်းကောင်း၊ ပုန်းထွန်နယ်မြေ နှင့် အမှုဆောင်အဖွဲ့များက တက္ကသိုလ်ဝင် စာမေးပွဲ၌ ထူးချွန်စွာ အောင်မြင်ခဲ့သူ မယွန်းလဲ့အောင်အား ထောက်ပံ့ငွေ ကျပ် (၁၄၀,၀၀၀)တို့ကို ထောက်ပံ့ပေးအပ်ရာ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ နှင့် မိသားစုဝင် ကျောင်းသား၊ ကျောင်းသူများကိုယ်စား ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။
ယင်းအခမ်းအနားတွင် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ (ဗဟို)မှ ငွေကျပ် (၂,၇၁၀,၀၀၀)၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့မှ ငွေကျပ်(၃,၁၇၅,၀၀၀) နှင့် မြို့နယ်စစ်မှုထမ်းဟောင်း စည်းရုံးရေး ကော်မတီ မှ ငွေကျပ်(၄,၉၃၀,၀၀၀)၊ စုစုပေါင်းငွေကျပ်(၁၀,၈၁၅,၀၀၀) ထောက်ပံ့ ပေးခြင်းဖြစ်ကြောင်း သိရသည်။