ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်အတွင်း အောက်တိုဘာလအတွင်းက အစိုးရတပ်မတော်နှင့် SSPP/SSAတို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ဘေးရှောင်ဒုက္ခသည် တိုင်းရင်းသား ပြည်သူများ စားနပ်ရိက္ခာ၊ အ၀တ်အထည်နှင့် သောက်သုံးရေများ လိုအပ်နေလျှက်ရှိကြောင်း သိရသည်။
"ကျွန်တော်တို့ အဖွဲ့ကတော့ ဆန်၊ ဆီ၊ ဆီသွပ်ဘူးနဲ့ အခြား အစားအစာတွေ သွားရောက်လှူဒါန်းခဲ့ပါတယ်၊ ဒါပေမယ့် ဒုက္ခသည်တွေက တအားများတော့ ထပ်ပြီးတော့ ထောက်ပံ့မှုတွေ လိုအပ်နေသေးပါတယ်..."ဟု နမ့်ခုံးပရဟိတအဖွဲ့မှ ဦးစိုင်းဆိုင်က ပြောသည်။
တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ဘေးရှောင် ဒုက္ခသည်များ ရာသီဥတုဒဏ် ခံစားရသဖြင့် စောင်နှင့် အနွေးထည်များ လိုအပ်လျှက်ရှိပြီး၊ အဓိက စားနပ်ရိက္ခာနှင့် သောက်သုံးရေဖြစ်ကြောင်း တိုက်ပွဲမှာ အချိန်ကာလ ကြာလာသည်နှင့်အမျှ ၎င်းတို့၏ လိုအပ်ချက်လည်း ပိုမိုများလာမှာ ဖြစ်ကြောင်း ၎င်းမှ ဆက်လက်ပြောပြသည်။
နေထိုင်စရာ အခက်အခဲများနှင့် ကြုံတွေ့နေကြရပြီး မြေကြီးပေါ်တွင် တာလပတ်စ၊ မိုးကာနှင့် ယိုးဒယားဖျာကြမ်းများ ခင်းကာ ဖြစ်သလို အိပ်နေကြရကြောင်း ဒေသခံတစ်ဦးက ပြောပြသည်။
တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားမှုကြောင့် မိုင်းရှူးမြို့နယ် ဝမ်ဆော့ရွာ နှင့် ယုံးပေါင်ရွာမှ ဒုက္ခသည်များ အောက်တိုဘာလ ဒုတိယအပတ်အကုန် ၀န်းကျင်အတွင်း လူဦးရေ (၄,၀၀၀)ကျော်ရှိပြီး၊ ယခုအချိန်တွင် SPP/SSA ၀မ်ဟိုင်းဌာနချုပ် တစ်ဝိုက်ရှိ ကျေးရွာများတွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာပြီး စစ်ဘေးဒုက္ခသည် တိုင်းရင်းသားပြည်သူများမှာ လူဦးရေ (၆၀၀၀) ခန့်ရှိလာကြောင်း သိရသည်။
စစ်ဘေးရှောင်စခန်းများမှာ ယာယီ မိုးကာစများဖြင့် တဲထိုးထားပြီး အမိုးအကာများ လုံလောက်မှု မရှိကြောင်း၊ အောက်တိုဘာလ နောက်ဆုံးပတ်တွင် ဝေဠုကျော်ဖောင်ဒေးရှင်းနှင့် တောင်ကြီး နမ့်ခုံးပရဟိတအဖွဲ့မှ သွားရောက်ကူညီခဲ့ပြီး အောက်တိုဘာလ (၂၇)ရက်နေ့က တန့်ယန်းမြို့၊ ကံဝိန်းကျောင်း စာသင်တိုက်ဆရာတော်နှင့် စေတနာရှင်များမှ သွားရောက် ကူညီလှူဒါန်းခဲ့ကြောင်းနှင့် ဆက်လက်၍လည်း ကူညီထောက်ပံ့မှုများ လိုအပ်နေလျက်ရှိကြောင်း သိရသည်။
Photo : Jao Khu Panna Sami