ကုလသမဂ္ဂအဖွဲ့အစည်းများမှ မြန်မာနိုင်ငံတွင်းဆောင်ရွက်နေသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဆောင်ရွက်ချက်များနှင့်

ကုလသမဂ္ဂအဖွဲ့အစည်းများမှ မြန်မာနိုင်ငံတွင်းဆောင်ရွက်နေသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဆောင်ရွက်ချက်များနှင့်
မေ 3, 2016
By Tachileik News Agency
ကုလသမဂ္ဂအဖွဲ့အစည်းများမှ မြန်မာနိုင်ငံတွင်းဆောင်ရွက်နေသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဆောင်ရွက်ချက်များနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ဂျပန်နိုင်ငံ၏စေတနာအပြည့်အ၀ဖြင့်လှုဒါန်းပါဝင်မှုအား လှိုက်လှဲစွာကြိုဆိုခြင်း

၃ ရက် မေလ ၂၀၁၆ ခုနှစ်

ချက်ချင်းထုတ်ပြန်ရန်

                                                                                                                                          

နေပြည်တော်၊ မြန်မာ ̶  ကုလသမဂ္ဂအဖွဲ့အစည်းများအနေဖြင့် ယနေ့ မြန်မာနိုင်ငံအတွင်း ၄င်းတို့ဆောင်ရွက်နေသည့် လုပ်ငန်းများအတွက် ဂျပန်နိုင်ငံအစိုးရ၏စေတနာအပြည့်အ၀ဖြင့်ထည့်ဝင်လှုဒါန်းမှုအပေါ် လှိုက်လှဲဝမ်းမြောက်စွာကြိုဆို ခဲ့သည်။

ကုလသမဂ္ဂအဖွဲ့အစည်းလေးခုဖြစ်သည့် ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ (FAO)၊ ကုလသမဂ္ဂမြို့ရွာနှင့် အိုးအိမ်ပြန်လည်ထူထောင်ရေးအစီအစဉ်(UN-Habitat) ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR)  နှင့် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)တို့သည် ထည့်ဝင်လှုဒါန်းငွေစုစုပေါင်း ဂျပန်ယန်း ၃.၇၆ ဘီလီယံ (အမေရိကန် ဒေါ်လာ၃၁.၇မီလီယံခန့်)ကို လက်ခံရရှိခဲ့ပါသည်။ ၄င်းအဖွဲ့အစည်းများအနေဖြင့် အချိန်အခါသင့်ရရှိခဲ့သည့် ကူညီပံ့ပိုး ငွေများကိုအသုံးပြု၍ မြန်မာနိုင်ငံအတွင်းဆောင်ရွက်လျက်ရှိသည့် ဖွံ့ဖြိုးတိုးတက်ရေးနှင့်လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာလုပ်ငန်းများကို ဆက်လက်တိုးမြှင့်ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

ဧပြီလ ၂၇ရက်နေ့၊ နေပြည်တော်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာနတွင် ကျင်းပပြုလုပ်သည့်အခမ်းအနား၌ မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E. Tateshi Higuchi မှ လှုဒါန်းငွေများကို ကုလသမဂ္ဂအဖွဲ့အစည်းများသို့ တရားဝင် လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ လှုဒါန်းငွေများပေးအပ်ပွဲတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးရဲအောင်မှ မြန်မာနိုင်ငံအစိုးရကိုယ်စားတက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါသည်။

ဂျပန်နိုင်ငံ၏လှုဒါန်းငွေဖြစ်သည့် ဂျပန်ယန်း ၅၃၁သန်း (အမေရိကန်ဒေါ်လာ၎.၅သန်း)ကို ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့အနေဖြင့် ပဋိပက္ခနှင့်ရေကြီးမှုကြောင့်ဘေးဒုက္ခခံစားခဲ့ရသည့် ရခိုင်ပြည်နယ်နှင့်ချင်းပြည်နယ်ရှိ ပြည်သူ လူထုအား စိုက်ပျိုးရေးဆိုင်ရာသက်မွေးဝမ်းကြောင်းလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့် ရပ်ရွာလူထု၏ ဘေးအန္တရာယ် ခုခံကာကွယ်နိုင်စွမ်းကိုထူထောင်ပေးသည့်လုပ်ငန်းများတွင်အသုံးပြုမည်ဖြစ်သည်။ လတ်တလောဆောင်ရွက်ခဲ့သည့် မြန်မာနိုင်ငံ၏သီးနှံနှင့်စားနပ်ရိက္ခာလုံခြုံမှုစစ်တမ်းအရ အထူးသဖြင့် ရခိုင်ပြည်နယ်နှင့်ချင်းပြည်နယ်ရှိ ဆင်းရဲနွမ်းပါး၍ ဝေးလံခေါင်သီသောဒေသများတွင်နေထိုင်ကြသူများသည် ဘေးအန္တရာယ်ကျရောက်မှုအပေါ် ကြံ့ကြံ့ခံနိုင်စွမ်းနည်းပါး သည်ကိုအလေးထားဖော်ပြထားကြောင်းတွေ့ရှိရပါသည်။  ဂျပန်နိုင်ငံ၏ပံ့ပိုးလှုဒါန်းငွေများသည် ဘေးသင့်ပြည်သူ များအတွက် စိုက်ပျိုးရေးလုပ်ငန်းဆိုင်ရာတိုက်ရိုက်သွင်းအားစုများဖြစ်သည့် သီးနှံသိုလှောင်ခြင်းနှင့် စိုက်ပျိုးရေရရှိရေး စနစ်များ ပြန်လည်ထူထောင်ပေးခြင်း၊အဆင့်မြှင့်တင်ပေးခြင်းသို့မဟုတ်အစားထိုးဆောင်ရွက်ပေးခြင်း အစရှိသည့် အရေးပါသောအရင်းအမြစ်များရရှိစေရန်ထပ်လောင်းဆောင်ရွက်ပေးမည်ဖြစ်သည်။ “အခုဆောင်ရွက်နေတဲ့လုပ်ငန်းက နောင်ပေါ်ပေါက်လာနိုင်တဲ့ဘေးအန္တရာယ်အခြေအနေတွေမှာ ပြည်သူလူထုတွေအနေနဲ့ အကောင်းဆုံးရင်ဆိုင် ကျော်လွှားနိုင်စွမ်းရှိစေဖို့ ဘေးအန္တရာယ်ဖြစ်နိုင်ခြေလျော့ချရေးဆိုင်ရာဆောင်ရွက်ချက်တွေနဲ့အတူ ပူးပေါင်း ဆောင်ရွက်မှာဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ကိုယ်စားလှယ် Bui Thi Lan မှပြောကြားခဲ့ပါသည်။

ကုလသမဂ္ဂမြို့ရွာနှင့် အိုးအိမ်ပြန်လည်ထူထောင်ရေးအစီအစဉ်(UN-Habitat) ဖွဲ့အနေဖြင့် လှုဒါန်းငွေ ဂျပန်ယန်း ၆၀၇သန်း (အမေရိကန်ဒေါ်လာ ၅.၁သန်း)လက်ခံရရှိခဲ့ပြီး၊ ၄င်းလှုဒါန်းငွေများကိုချင်းပြည်နယ်ရှိ ဘေးအန္တရာယ်ထိခိုက်ခံစားလွယ်သည့် ဒေသခံ တိုင်းရင်းသားများအတွက် အခြေခံလူမှုအဆောက်အဦများတည်ဆောက်ပေးခြင်း၊ သန့်ရှင်းသောသောက်သုံးရေရရှိရေး တိုးမြှင့်ဆောင်ရွက်ပေးခြင်းနှင့် ၂၀၁၅ခုနှစ်အတွင်းရေကြီးရေလျံမှုကြောင့်ဆိုးရွားစွာထိခိုက်ပျက်စီးခဲ့သည့် နေအိမ်များ အား ပြန်လည်တည်ဆောက်ပေးခြင်းအစရှိသည့်လုပ်ငန်းများကိုဆောင်ရွက်သွားမည်ဖြစ်သည်။ လုပ်ငန်းဆောင်ရွက်မှု အနေဖြင့် ဦးတည်သတ်မှတ်ထားသောပြည်သူလူထုအားအခြေခံထား၍ ကျန်းမာရေးနှင့်ညီညွတ်၍သင့်တင့်ကောင်းမွန် သောဘ၀ရရှိစေရန်အတွက် နေအိမ်နှင့်အရည်အသွေးပြည့်ဝသည့်အခြေခံလူမှုအဆောက်အဦများ ဆောက်လုပ် ပေးခြင်းသို့မဟုတ် ပြုပြင်ထိန်းသိမ်းပေးခြင်းစသည့်လုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်သူလူထုကိုယ်တိုင်အတူတကွ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စွမ်းရှိစေရန်အတွက် စွမ်းဆောင်ရည်မြှင့်တင်ရာတွင်အသုံးပြုမည်ဖြစ်သည်။ စီမံကိန်း ဆောင်ရွက်မှုသည် ဆင်းရဲနွမ်းပါးသည့်တိုင်းရင်းသားများနှင့် ဘေးအန္တရာယ်ကျရောက်လွယ်သည့် ပြည်သူလူထုတို့ သာမာန်ဘ၀အခြေအနေပြန်လည်ရောက်ရှိရေးအတွက် အရေးပေါ်လိုအပ်ချက်များဖြည့်ဆည်းရန်နှင့် ရေရှည်တိုးတက် ခိုင်မာသည့် ကျန်းမာပျော်ရွှင်သောလူမှုဘ၀များရရှိရန်အစရှိသည့် လုပ်ငန်းရည်မှန်းချက်များနှင့်အညီ ရေးဆွဲထားခြင်း ဖြစ်ပါသည်။ကုလသမဂ္ဂမြို့ရွာနှင့်အိုးအိမ်ပြန်လည်ထူထောင်ရေးအစီအစဉ်(UN-Habitat) မြန်မာနိုင်ငံဆိုင်ရာစ်ီမံကိန်းမန်နေဂျာ Bijay Karmacharya မှ “စီမံကိန်းလုပ်ငန်းတွေက မိမိတို့ရဲ့နေအိမ်နဲ့ အခြေခံအဆောက်အဦတွေပြန်လည်ကောင်းမွန်လာဖို့ အပူတပြင်းလိုအပ်နေတဲ့ လိုအပ်ချက်အရှိဆုံးနဲ့ဘေးဒုက္ခအရောက်ဆုံးသူတွေဆီကိုရောက်ရှိနိုင်ဖို့ဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။ လုပ်ငန်းဆောင်ရွက်မှုများကို ဟားခါး၊ တီးတိန်၊ ဖလမ်းနှင့် ထန်တလန်မြို့နယ်များရှိ ကျေးရွာပေါင်း ၂၀၀တွင်ဆောင်ရွက်မည်ဖြစ်ပြီး၊ လူပေါင်း ၉၀,၀၀၀ကျော် အကျိုးကျေးဇူးရရှိနိုင်စေရန် ရည်ရွယ်ထားပါသည်။

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးအနေဖြင့် ဂျပန်နိုင်ငံ၏လှုဒါန်းငွေ ဂျပန်ယန်း၃၆၅သန်း (အမေရိကန် ဒေါ်လာ၃.၁သန်း)ကို ကျေးဇူးတင်စွာဖြင့်လက်ခံရရှိခဲ့ပြီး၊ ၄င်းလှုဒါန်းငွေများကို ရခိုင်ပြည်နယ်ရှိ ပြည်တွင်း၌နေရပ်စွန့်ခွာ ရွေ့ပြောင်းနေထိုင်သူများနှင့်တကွ နိုင်ငံတစ်ဝှမ်းရှိနိုင်ငံသားအဖြစ်သို့မရောက်ရှိသေးသူများအတွက် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနေသောမြန်မာနိုင်ငံအစိုးရ၏လုပ်ငန်းဆောင်ရွက်မှုများတွင်ကူညီပံ့ပိုးပေးမည်ဖြစ်ပါသည်။ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးသည်ရခိုင်ပြည်နယ်၊ကချင်ပြည်နယ်နှင့်ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများမှ နေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်ရသူများအား ကာကွယ်စောင့်ရှောက်ရေး၊ နေအိမ်အမိုးအကာပံ့ပိုးပေးခြင်း၊ခိုလှုံရာ စခန်းများစီမံခန့်ခွဲခြင်းနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်းနှင့်ကုလသမဂ္ဂအဖွဲ့အစည်းများနှင့်အတူကယ်ဆယ်ရေးပစ္စည်းများပံ့ပိုးပေးခြင်းစသောအရေးပေါ်တုံ့ပြန်ဆောင်ရွက်မှုလုပ်ငန်းစဉ်တွင်လည်း ဦးဆောင်ဦးရွက်ပြုနေသည့်အဖွဲ့အစည်း လည်းဖြစ်ပါသည်။ “ဂျပန်နိုင်ငံအနေနဲ့ ဒုက္ခသည်တွေနဲ့နေရပ်စွန့်ခွာထွက်ပြေးရသူတွေကို နှစ်ပေါင်းများစွာအစဉ်တစိုက် ကူညီဆောင်ရွက်ပေးမှုအပေါ် ကျွန်တော်တို့တကယ့်ကိုအသိအမှတ်ပြုဂုဏ်ယူမိပါတယ်”ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးကိုယ်စားလှယ် Giuseppe de Vincentiis မှ ပြောကြားခဲ့ပါတယ်။ “ယခုလက်ရှိလှုဒါန်းမှုကို ပြည်တွင်းနေရပ်စွန့်ခွာရွေ့ပြောင်းနေထိုင်သူတွေရဲ့ အလိုအပ်ဆုံးနှင့်အခြေခံအကျဆုံး လိုအပ်ချက်တွေကိုဖြည့်ဆည်းဆောင်ရွက်ပေးမှာဖြစ်ပြီး၊ တချိန်တည်းမှာပဲ မြန်မာနိုင်ငံအစိုးရနဲ့အတူ ဒုက္ခသည်တွေရဲ့ အတိဒုက္ခခံစားနေရတာတွေကိုရေရှည်ပြေလည်နိုင်စေဖို့အဖြေရှာဆောင်ရွက်နေတာကိုလည်း ဆက်လက်လုပ်ဆောင် သွားမှာဖြစ်ပါတယ်”။

ဂျပန်နိုင်ငံ၏ ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်သို့ စေတနာအပြည့်အ၀ဖြင့် ထည့်ဝင်လှုဒါန်းငွေ ဂျပန်ယန်း .၂၆ ဘီလီယံ(အမေရိကန်ဒေါ်လာ၁၉သန်း)ကို ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင်အခြေခံအဆောက်အဦများ (ပြန်လည်) တည်ဆောက်ပေးခြင်း ကယ်ဆယ်ရေးပစ္စည်းများဖြန့်ဝေခြင်း၊ အာဟာရအထောက်အပံ့များ ပံ့ပိုးကူညီခြင်း နှင့် နေ့စဉ်ကျောင်းတွင်းအာဟာရပံ့ပိုးပေးခြင်း အစရှိသည့်လုပ်ငန်းများ လုပ်ဆောင်ခြင်းဖြင့်ပြည်တွင်း နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေရသူများ၊ ရေကြီးမှုနှင့် မြေပြိုမှုကြောင့် ဘေးဒုက္ခခံစားနေရသူများ၊ ကိုယ်ဝန်ဆောင်နှင့်နို့ချိုတိုက်ကျွေး မိခင်များ၊ အာဟာရချို့တဲ့ကလေးသူငယ်များ၊ ခုခံအားကျဆင်းမှုရောဂါနှင့်တီဘီရောဂါခံစားနေရသူများ၊ မူလတန်းကြို နှင့် မူလတန်းအရွယ်ကလေးသူငယ်များအတွက် ပံ့ပိုးကူညီသွားမည်ဖြစ်သည်။ ပြည်တွင်းမှ ၀ယ်ယူမည့် ဆန်၊ ပဲနှင့် ဆား ပြည်ပမှဝယ်ယူမည့် ဟင်းသီးဟင်းရွက်ဆီ၊ အာဟာရမှုန့်များနှင့် အာဟာရဖြည့်ဘီစကစ်များအားလူဦးရေ ၃၀၀,၀၀၀ အတွက် ပံ့ပိုးပေးနိုင်ရန်ည့်ဝင်လှုဒါန်းငွေများကို ဓိကထားသုံးစွဲမည်ဖြစ်သည်။ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်အနေဖြင့်ပြည်တွင်းနေရပ်စွန့်ခွာရွှေ့ပြောင်းနေသူများနှင့် ဘေးသင့်ပြည်သူများကိုယ်တိုင် နှစ်သက်ရာဝယ်ယူစားသုံးနိုင်ရန်အတွက် ငွေသားထောက်ပံ့ပေးသည့်လုပ်ငန်းများတွင်လည်း အဆိုပါလှုဒါန်းငွေများကို အသုံးပြုမည်ဖြစ်ပါသည်။မြန်မာနိုင်ငံအစိုးရရဲ့ အတူတကွပူးပေါင်းဆောင်ရွက်မှုအပြင် ဂျပန်နိုင်ငံရဲ့ အချိန်အခါသင့် လှုဒါန်းမှုတွေကြောင့်ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်အနေနဲ့ ချင်းပြည်နယ်နဲ့ရခို်င်ပြည်နယ်ရှိ မြို့နယ်ပေါင်း၂၀ က အများဆုံးထိခိုက်ခံစားခဲ့ရတဲ့ပည်သူတွေရဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ပေးနိုင်တော့မှာ ဖြစ်ပါတယ်၊ ဒီအတွက်လည်းကျွန်တော်တို့ကျေးဇူးအများကြီးတင်ပါတယ်ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်မှ  ဋ္ဌာနေကိုယ်စားလှယ် Dom Scalpelli က ပြောကြားခဲ့ပါသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net