တာချီလိတ်မြို့နယ်အတွင်း ရွှေ့ပြောင်း (၃၀၀၀)ကျော်အား အိမ်ထောင်စုစာရင်းထုတ်ပေးမည်

တာချီလိတ်မြို့နယ်အတွင်း ရွှေ့ပြောင်း (၃၀၀၀)ကျော်အား အိမ်ထောင်စုစာရင်းထုတ်ပေးမည်
မေ 29, 2016
By Tachileik News Agency

တာချီလိတ်၊ မေလ(၂၉)ရက်
တာချီလိတ်မြို့နယ်အတွင်းရှိ  ရွှေ့ပြောင်းနေထိုင်သူ (၃၀၀၀)ကျော်အား  ရက်(၁၀၀)စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့်  မှတ်ပုံတင် တစ်မျိုးမျိုးအား ထုတ်ပေးသွားမည်ဖြစ်ကြောင်း တာချီလိတ်မြို့နယ်  အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာနမှ သိရသည်။
"ခန့်မှန်းခြေတော့ (၃၀၀၀)နဲ့ (၅၀၀၀)ကြားထဲမှာ  လုပ်ပေးနိုင်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ အဓိကတော့ သာမန်ရွှေ့ပြောင်းနေထိုင်သူတွေထုတ်ပေးသွားမည်ပါ ၊ အရင်က ၂၀၁၄ ခုနှစ်  သန်းခေါင်စာရင်းစစ်တမ်းလည်း ရှိထားတော့ သိပ်တော့မခက်ခဲပါဘူး။  ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တွေဆီက  အချက်အလက်တွေ ရရှိတာနဲ့ စလုပ်မှာပါ"ဟု  တာချီလိတ်မြို့နယ် အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာနမှ ဦးစီးအရာရှိ  ဦးနော်ဘစ်က ဆိုသည်။
တာချီလိတ်မြို့နယ်အတွင်းရှိ  အိမ်ထောင်စုလူဦးရေစာရင်းမရှိဘဲနေထိုင်နေသည့် နေအိမ်အခန်းငှားနေထိုင်သူများအား  အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်များထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သစ္စာစီမံချက်ဖြင့်  အိမ်ထောင်စုလူဦးရေစာရင်းနှင့်  မှတ်ပုံတင်ကတ်ပြားထုတ်ပေးရာတွင်  စက်ရုံ၊ အလုပ်ရုံနှင့် အိမ်းခန်းငှားရမ်းနေထိုင်သည့်သာမန်ရွှေ့ပြောင်းနေထိုင်သူများ  နှင့်  အုပ်ချုပ်ရေးအဖွဲ့အစည်းမှ ခွင့်ပြုထားခြင်းမရှိသည့်နေရာတွင် ကျူးကျော်နေထိုင်သည့် ယာယီရွှေ့ပြောင်းနေထိုင်သူဟူ၍ ရွှေ့ပြောင်းနေထိုင်သူနှစ်မျိုးခွဲထားကြောင်း သိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net