ယခင်အစိုးရလက်ထက် မကွေးတိုင်းဒေသကြီး ဒေသဖွံ့ဖြိုးရေးရန်ပုံငွေမှ ငွေကျပ် (၁.၇)ဘီလီယံ၊ မော်တော်ယာဉ် (၄)စီး၊ ဘက်ဟိုး (၁) စီး၊ ပဲ့ထောင်ရေယာဉ်(၂)စီးတို့အား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတသို့ လှူဒါန်းထားခြင်းဖြစ်ပြီး “ရွှေသုခ” အသေးစားလုပ်ငန်းသို့ ငွေကျပ်(၁.၅၇)ဘီလီယံကျော် လွှဲပြောင်းပေးခဲ့သည်ကို ဖော်ထုတ်တွေ့ရှိရသဖြင့် အဆိုပါငွေကြေးနှင့် မော်တော်ယာဉ်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ ပြန်လည်လွှဲပြောင်းပေးရမည်ဖြစ်ကြောင်း သိရသည်။
ယခင် တိုင်းဒေသကြီးအစိုးရလက်ထက် ရေနံလက်ယက်တွင်းတိမ်လုပ်ငန်းမှရရှိသည့် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ် (၇.၄၅၉)ဘီလီယံ အလွဲသုံးစားမှုနှင့်ပတ်သက်၍ လက်ရှိမကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဆက်လက် ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ပြည်ထောင်စုအစိုးရအဖွဲ့ နိုင်ငံတော်သမ္မတရုံးမှ ဧပြီ လ (၈)ရက်နေ့က ညွှန်ကြားစာပေးပို့ခဲ့ခြင်းဖြစ်ကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ဧပြီလ (၂၅)ရက်နေ့ နံနက်ပိုင်းတွင် မကွေးမြို့၌ သတင်းမီဒီယာများအား တွေ့ဆုံရှင်းလင်းခြင်းဖြစ်သည်။
“ဧပြီလ (၈) ရက် နေ့စွဲနဲ့ နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားစာပေးပို့ခဲ့တာဖြစ်ပေမယ့် သင်္ကြန်တွင်း ရုံးပိတ်ရက်တွေနဲ့ မနေ့(ဧပြီ ၂၄ရက်)နေ့ကမှ ရရှိခဲ့တာဖြစ်ပါတယ်။ ရေနံလက်ယက်တွင်းတိမ်လုပ်ငန်းရှင်များက ထည့်ဝင်ပြီးသော ဒေသဖွံ့ဖြိုးရေးရန်ပုံငွေများနှင့်ပတ်သက်၍ ဆောင်ရွက်သွားရန်ကိစ္စ အကြောင်းအရာပါစာဖြစ်ပြီး ပြည်ထဲရေးဝန်ကြီးဌာနနဲ့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဆီကို ပေးပို့တာပါ”ဟု တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောကြားသည်။
အဆိုပါငွေကြေးအလွဲသုံးစားပြုထားမှုများအား တိုင်းဒေသကြီးအစိုးရထံ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်းမပြုပါက တည်ဆဲဥပဒေများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားရန် ညွှန်ကြားထားခြင်းဖြစ်ကြောင်းသိရပြီး ပျောက်ဆုံးနေသည့် မကွေးတိုင်းဒေသကြီး ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်(၇.၄၅၉)ဘီလီယံကျော် (ကျပ်သန်းပေါင်း ၇၀၀၀ ကျော်) အနက် ကျပ်(၄)ဘီလီယံကျော်ကို မဖော်ထုတ်နိုင်သေးကြောင်း မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်က သတင်းမီဒီယာများသို့ ဧပြီလ (၂၅) ရက်နေ့က ပြောကြားသည်။
ယခင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေ၊ ဖျက်သိမ်းပြီးဖြစ်သော မကွေးတိုင်းဒေသကြီးဖွံ့ဖြိုးရေးဖောင်ဒေးရှင်း ဥက္ကဌ နှင့် “ရွှေသုခ” အသေးစား ငွေရေးကြေးရေးလုပ်ငန်းဥက္ကဌ ဦးကြည်ထွန်းတို့ထံ အဆိုပါ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေများကို ပြန်လည်လွှဲပြောင်းပေးနိုင်ရေး ညွှန်ကြားချက်များနှင့် ပတ်သက်၍ အသိပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆန်းအဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည့် မကွေးတိုင်းဒေသကြီး ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း အသေးစားငွေရေးကြေးရေးလုပ်ငန်းတွင် ယခင်ဥက္ကဌအဖြစ် တာဝန်ယူခဲ့သူမှာ ဦးစိန်ဌေးဖြစ်ပြီး လက်ရှိဥက္ကဌ တာဝန်ယူထားသူမှာ ယခင် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးကြည်ထွန်း ဖြစ်ကြောင်း သိရသည်။
အလွဲသုံးစားပြုခံရသည့် ငွေကျပ်(၇)ဘီလီယံကျော်အနက် ငွေကျပ်(၃)ဘီလီယံကျော်အတွက်သာ နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားစာတွင် ထုတ်ပြန်ထားသော်လည်း ကျန်ရှိနေသော ငွေကျပ် (၄)ဘီလီယံကျော် အတွက်လည်း ဆက်လက်ဆောင်ရွက်နေကြောင်း ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုထံမှ သိရသည်။
အစိုးရသစ်လက်ထက်တွင် ယခင်အစိုးရဟောင်းလက်ထက် ရေနံလက်ယက်တွင်းတိမ်လုပ်ငန်းမှရရှိခဲ့သော တိုင်းဒေသကြီးဖွံ့ဖြိုးရေးရန်ပုံငွေအား စစ်ဆေးရာ ကျပ် (၂.၈)ဘီလီယံကျော် ပျောက်ဆုံးနေကြောင်း တွေ့ရှိရသဖြင့် ပြည်ထောင်စု အစိုးရအဆင့်သို့ တင်ပြစစ်ဆေးစေခဲ့ရာ အမှန်တကယ်ပျောက်ဆုံးနေသည့်ငွေမှာ ကျပ်(၇.၄၅၉)ဘီလီယံကျော်အထိ ရှိနေကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ ခြင်းဖြစ်သည်။
သတင်း၊ဓာတ်ပုံ #ဖီးနစ်
