တာချီလိတ်မြို့ လွယ်တော်ခမ်းပူးပေါင်းစစ်ဆေးရေးစခန်းတွင် မိုင်းဆတ်ဘက်မှ တာချီလိတ်ဘက်သို့ မော်တော်ဆိုင်ကယ်ဖြင့် မောင်းလာသူထံက ကျပ်သိန်း(၆၀)၀န်းကျင် တန်ဖိုးရှိ စိတ်ကြွဆေးပြားများအား မေလ(၁၃)ရက်နေ့ မွန်းလွဲပိုင်းက ဖမ်းဆီးရမိပြီး ကွင်းဆက်တရားခံများအား ဆက်လက် စုံစမ်းနေလျက်ရှိကြောင်း သိရသည်။
လွယ်တော်ခမ်း ပူးပေါင်းစစ်ဆေးရေးစခန်းတွင် မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့များ ပါဝင်သည့် အဖွဲ့က မိုင်းဆတ်ဘက်မှ တာချီလိတ်ဘက်သို့ New Molisa အမျိုးအစား မော်တော်ဆိုင်ကယ်ဖြင့် မောင်းနှင်လာသူ အသက်(၂၅)နှစ်ရှိ စိုင်းဆမ်သန်းအား မသင်္ကာ၍ ရပ်တန့် စစ်ဆေးရှောဖွေရာမှ ဆိုင်ကယ်တူးဘောက်အတွင်းမှ မူးယစ်ဆေးဝါးများကို ရှာဖွေတွေ့ရှိခြင်း ဖြစ်ကြောင်း မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ သိရသည်။
အဆိုပါ မော်တော်ဆိုင်ကယ်အတွင်းမှ မိုင်းကိုင်စက္ကူဖြင့် တစ်ထပ်၊ တိပ်ဖြင့်တစ်ထပ် ပတ်ထားပြီး အပြာရောင် ပလပ်စတစ်ကပ်ခွာ အိတ်ငယ်များဖြင့် ထည့်ထားသည့် Wy စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား စုစုပေါင်း (၄၀၀၀)ပြားကို ရှာဖွေတွေ့ရှိရာ ကာလတန်ဖိုးငွေမှာ ကျပ်သိန်း(၆၀)ခန့် တန်ဖိုးရှိကြောင်း သိရသည်။
ဖမ်းဆီးသိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများအား မိုင်းဆတ်မြို့နယ်ဘက်က ဝယ်ယူလာခဲ့ခြင်း ဖြစ်ကြောင်း သိရ၍ ကွင်းဆက်တရားခံများအား ဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့မှ စုံစမ်းနေလျက်ရှိပြီး လွယ်တော်ခမ်းပူးပေါင်းဂိတ်တွင် မူးယစ်ဆေးဝါးဖြင့် ဖမ်းဆီးရမိထားသည့် စိုင်းဆမ်သန်းအား တာချီလိတ်မြို့မ ရဲစခန်းမှ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့်အရေးယူထားရှိကြောင်း သိရှိရသည်။