တာချီလိတ်မြို့လယ် လမ်းမကြီး၏ လမ်းပလက်ဖောင်းဘေးအောက်တွင် ရေစီးရေလာအတွက် ဖုံးအုပ်ထားသော အုတ်ခုံအဖုံးများမှာ အချို့နေရာများတွင် ခိုးယူခံရမှုများကြောင့် လစ်လပ်နေသည့်အတွက် ညဖက် လမ်းသွား လမ်းလာများအတွက် အန္တရာယ်ရှိနိုင်ကြောင်း သိရသည်။
တာချီလိတ်မြို့လယ် AGD Bank ရှေ့နှင့် ရွှေငါးအိမ်ဆောက်ပစ္စည်းဆိုင်ရှေ့ရှိ မြောင်းဖုံးများမေလ(၁၉)ရက်နေ့က ခိုးယူခံရခြင်း ဖြစ်ကြောင်း သိရသည်။
"အဲ့လို အဖုံးတွေ လစ်လပ်နေတာက စည်ပင်က မဖြုတ်ဘူး၊ အခိုးခံရတာပါ၊ အရင်က အိမ်တွင်းမှု ကျောင်းအ၀င်မှာလဲ ပျောက်တယ်၊ ဟိုနေ့က EPC ရုံးရှေ့မှာလဲ နှစ်ခုပျောက်သွားတယ်"ဟု တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မြောင်းဖုံးများ ခိုးခံရ၍ လစ်လပ်နေခြင်းကြောင်း လမ်းသွားလမ်းလာအတွက် အန္တရာယ်ရှိကြောင်း အနီးနေ အမျိုးသားတစ်ဦးက ဆိုသည်
"အဖုံးတွေ တနေ့က ရှိတယ်၊ မနေ့ကနေ မရှိတော့တာ၊ မြောင်းကနက်တော့ ညဘက်ဆို အဲ့နား မူးကြောင်ကြောင်နဲ့ ကပ်သွားရင် ခြေထောက်ကျသွားနိုင်တယ်"ဟု အဆိုပါ လမ်းအနီးနေ အမျိုးသားတစ်ဦးက ပြောပြသည်။
တာချီလိတ်မြို့တွင် ကားဘက်ထရီခိုးမှုများ နှင့် မိန်းကလေးများအား ပစ်မှတ်ထား၍ ပိုက်ဆံအိတ်လုယက်မှုများအပြင် လမ်းဘေးမြောင်းဖုံးအုတ်တုံးများ ခိုးခံရမှုအထိရှိလာကြောင်း သိရသည်။