ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စုတွင် မော်တော်ဆိုင်ကယ်ဖြင့် မောင်းလာသူအား စိတ်ကြွဆေးပြားများနှင့် အတူ ဇွန်လ(၁၀)ရက်နေ့ ညနေပိုင်းက ဖမ်းဆီးရမိကြောင်း မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ သိရသည်။
တာချီလိတ်မြို့နယ် ဖန်မင်ကျေးရွာအုပ်စု၊ ဝမ်ကောင်းမွန်ရွာအနီး တာချီလိတ် - တာလေသွားလမ်းမနှင့် ဝမ်ကောင်းမွန် - မယ်လိပါကော်ရွာသွား လမ်းဆုံတွင် မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့သည် ဇွန်လ(၁၀)ရက်နေ့ ညနေ(၅)နာရီခွဲဝန်းကျင်အချိန်က မူးယစ်ဆေးဝါးသတင်းအရ စောင့်ဆိုင်းစဉ် မယ်လိပါကော်ရွာလမ်းဘက်မှ တာချီလိတ်ဘက်သို့ အားချာ(ကျား)သည် မော်တော် ဆိုင်ကယ်ဖြင့် မောင်းနှင်လာရာ၎င်းအား ရပ်တန့်စစ်ဆေးရှာဖွေရာမှ စိတ်ကြွဆေးပြားများကို တွေ့ရှိ သိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။
ဆိုပါ ပူးပေါင်းအဖွဲ့က၎င်းဝတ်ဆင်ထားသော US ARMY တံဆိပ်ပါ ဘောင်းဘီအတွင်း ရှာဖွေရာ Wy စာတမ်းပါ လိမ္မော်ရောင်စိတ်ကြွဆေးပြား စုစုပေါင်း (၈၀၀)ပြား နှင့် ပြောက်ကျားလက်ရှည် အင်္ကျီထဲမှ စိတ်ကြွဆေးပြား (၂၀)ပြား စုစုပေါင်း (၈၂၀)ပြားကို ရှာဖွေတွေ့ရှိရ၍ အသက်(၄၅)နှစ်ရှိ အားချာ(ကျား)အား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၃၁/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က) အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။