စားသောက်ဆိုင်များတွင် မီးဖိုချောင်းသုံး ဂတ်စ်အိုးများနှင့် ပတ်သက်၍ မတော်တဆမှုများ ကြုံတွေ့ရပါက အလျင် မလိုစေရန်နှင့် ကြိုတင်ကာကွယ်မှုများ ပြုလုပ်တတ်ရန်အတွက် တာချီလိတ်မြို့နယ် အရန်မီးသတ်တပ်ဖွဲ့က ဗယ်လင်တိုင်း နှင့် နိုင်းနိုင်း ကဖေးနှင့်အအေး စားသောက်ဆိုင်မှ ၀န်ထမ်း စုစုပေါင်း (၄၀)ကျော်အား သြဂုတ်လ(၁၁)ရက်နေ့ ညပိုင်းက အသိပညာပေးမှု အဖြစ် လက်တွေ့သရုပ်ပြသကြောင်း သိရသည်။
အသိပညာပေးမှု လုပ်ဆောင်ရာတွင် တာချီလိတ်မြို့နယ် အရန်မီးသတ်တပ်ရင်းမှ ဒုတိယတပ်ရင်းမှူး ဦးရဲနန္ဒါလင်း နှင့် တပ်ဖွဲ့ဝင်များက လက်တွေ့သရုပ်ပြသခြင်း ဖြစ်ရာ အဆိုပါ စားသောက်ဆိုင်မှ ဝန်ထမ်းများက မီးငြှိမ်းသတ်နည်းများကို လက်တွေ့ လေ့ကျင်ကာလုပ်ဆောင်ကြောင်း သိရသည်။
"ဆိုင်က ဝန်ထမ်းတွေက အရေးပေါ် မီးငြှိမ်းသတ်တာတွေနဲ့ ပတ်သက်ပြီး ဘာမှ မသိသေးလို့ ကူညီပြီး သရုပ်ပြပေးပါလို့ အကူအညီတောင်းလာလို့ ကျွန်တော်အနေနဲ့ ခရိုင်/မြို့နယ် မီးသတ်ဦးစီးမှူးများထံ တင်ပြပြီး အရန်မီးသတ်တပ်ဖွဲ့ဝင်များနဲ့ သွားရောက်ပြီး လက်တွေ့ သရုပ်ပြသပေးဖြစ်တာ ဖြစ်ပါတယ်"ဟု တာချီလိတ်မြို့နယ် အရန်မီးသတ်တပ်ရင်းမှ ဒုတိယတပ်ရင်းမှူး ဦးရဲနန္ဒါလင်း က ပြောသည်။
သရုပ်ပြရာတွင် ဂတ်စ်အိုးမှ တစ်ဆင့် မီးလောင်မှုကြောင့်သော်လည်းကောင်း၊ ဂတ်စ်အိုးပိုက်ပေါက်ရာမှ တစ်ဆင့် ဖြစ်ပွားသည့် မီးလောင်မှုကြောင့် သော်လည်းကောင်း၊ မီးငြှိမ်းသတ်ရာတွင် အလျင်စလိုမပြုလုပ်ပဲ စနစ်တကျ ငြှိမ်းသတ်နိုင်ရန် အတွက် အဓိက ပြသပေးခြင်း ဖြစ်ပြီး မီးသတ်ဆေးဘူးများဖြင့် ငြှိမ်းသတ်ရာတွင်လည်း စနစ်တကျ ကိုင်တွယ်ငြှိမ်းသတ်ရန်အတွက် ပြသပေးခြင်း ဖြစ်ကြောင်း သိရသည်။
