“ရှမ်းပြည်နယ်တစ်ခုလုံးမှာ အရင်က ကုသမှုခံယူပြီး ဆေးရုံကဆင်းသွားကြတဲ့ H1N1 အတည်ပြုလူနာ (၁၅)ဦး နောက်ပိုင်းမှာ ကျောက်မဲပြည်သူ့ဆေးရုံက H1N1 အတည်ပြုလူနာ သားအမိနှစ်ယောက်ကလည်း ဆေးရုံက ဆင်းပါပြီ။ အခုလက်ရှိတော့ မနေ့က အတည်ပြုလိုက်တဲ့ လားရှိုးပြည်သူ့ဆေးရုံက အမျိုးသားလူနာတစ်ဦးရယ် နောက်ထပ် သံသယလူနာတစ်ဦးရယ် ရှိပါတယ်။ အားလုံး အခြေအနေ ကောင်းမွန်နေတယ်လို့ သိရပါတယ်”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
လားရှိုးမြို့ ရပ်ကွက် (၈)မှ အမျိုးသားလူနာအား H1N1 အတည်ပြုလူနာအဖြစ် သြဂုတ်လ(၂၉)ရက်နေ့က အတည်ပြုလိုက်ခြင်းဖြစ်ပြီး ဒေသတွင်း စောင့်ကြည့် စစ်ဆေးခြင်းကို လုပ်ဆောင်ထားကြောင်း လားရှိုးမြို့နယ် အုပ်ချုပ်ရေးမှူးထံမှ သိရသည်။
“ရပ်ကွက်(၈)က အမျိုးသားတစ်ဦး H1N1 အတည်ပြုလူနာအဖြစ် လားရှိုးပြည်သူ့ဆေးရုံမှာ ကုသမှုခံယူနေတာပါ။ ဒေသတွင်း အသိပညာပေးနဲ့ စောင့်ကြည့်ရေးလုပ်ငန်းတွေ လုပ်ဆောင်ထားပါတယ်”ဟု လားရှိုးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေလင်းထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ရှမ်းပြည်နယ်အတွင်း H1N1 စတင်တွေ့ရှိသည့် ဇူလိုင်လ (၃၁)ရက်နေ့မှစ၍ သြဂုတ်လ (၁၇)ရက်နေ့အထိ အတည်ပြုလူနာ (၁၅)ဦးရှိခဲ့ရာ လူနာအားလုံး ဆေးရုံမှ ဆင်းသွားနိုင်ပြီး သြဂုတ်လ (၂၄)ရက်နှင့် (၂၆)ရက် နေ့များတွင် ကျောက်မဲပြည်သူ့ဆေးရုံတွင် အတည်ပြုလူနာ(၂)ဦးရှိခဲ့ရာ ကျန်းမာရေးအခြေအနေ ကောင်းမွန်သွားပြီဖြစ်ကာ သြဂုတ်လ (၃၀)ရက်နေ့အခြေအနေမှာ လားရှိုးပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေသည့် အတည်ပြုလူနာ (၁)ဦးနှင့် သံသယလူနာ (၁)ဦး ရှိနေကြောင်း သိရသည်။
သတင်း #ချယ်ရီထိုက်
ဓါတ်ပုံ #ညီစေမင်း
