ကယားပြည်နယ်တွင် ဒေသခံပျားမွေးမြူရေးလုပ်ငန်း စိတ်ဝင်စားသူ(၃၂)ဦးအား (၁ဝ)ရက်ကြာ စာတွေ့လက်တွေ့ သင်တန်းပြီးဆုံး၍ ပျားမွေးမြူရေးလုပ်ငန်းလုပ်ဆောင်ရာတွင် လိုအပ်သည့် လုပ်ငန်းသုံးပစ္စည်းများ ပံ့ပိုးပေးခြင်း၊ အရည်အသွေးမီထုတ်ကုန်များ ဈေးကွက်တွင် ဈေးကောင်းရရှိအောင် ဆောင်ရွက်ပေးခြင်းတို့ကို ဆက်လက် လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ကယားပြည်နယ် ပျားလုပ်ငန်းဌာနနှင့် TAG International Development တို့ ပူးပေါင်း၍ လွိုင်ကော်မြို့တွင် အောက်တိုဘာလ(၁၂)ရက်နေ့က စတင်သင်ကြားပေးနေသည့် ပျားမွေးမြူရေးစာတွေ့လက်တွေ့ သင်တန်းပြီးဆုံးပါက သင်တန်းသားတစ်ဦးလျှင် ပျားအုံပါ ပျားမွေးမြူရေး သေတ္တာအလုံး(၂ဝ)စီ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ကယားပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဘော့စ်ကိုထံမှ သိရသည်။
ပျားမွေးမြူရေးလုပ်ငန်းကြောင့် ဒေသတွင်း စိုက်ပျိုးသီးနှံများကို ပိုမိုဖြစ်ထွန်းအောင်မြင်စေနိုင်သည့်အတွက် ဒေသခံများအနေဖြင့် စိုက်ပျိုးရေးဖြင့် တွဲဖက်လုပ်ကိုင်နိုင်သည့် ပျားမွေးမြူရေးလုပ်ငန်းကို လုပ်ဆောင်နိုင်စေရန် သင်တန်းများဖွင့်လှစ်ပို့ချခြင်းကို လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။
