ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်ရဲ့ (၂၃)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်မှာ လှူဒါန်းတဲ့ ပဒေသာပင်ပေါင်း (၈၉)ပင်ကနေ အလှဆုံးပဒေသာပင်ဆု (၃)ဆုကို ရွေးချယ်ဆုချီးမြှင့်ခြင်းအဖြစ် ၂၀၁၈ခုနှစ် နိုဝင်ဘာလ(၂၁)ရက်နေ့ ညပိုင်းက တာချီလိတ်မြို့ ရှမ်းရိုးမကွင်းအတွင်း ကျင်းပပြုလုပ်ရာမှာ 1G1 7 ဟိုတယ်ပဒေသာပင်က ပထမဆု ရွေးချယ်ခံရပါတယ်။
ဆုများရရှိတဲ့ ပဒေသာပင်များမှာ ထိုင်းဘတ်ငွေ (၁၁၇၃၅၀)ဘတ်လှူဒါန်းထားတဲ့ 1G1 7 ဟိုတယ်ပဒေသာပင်က ပထမဆု ရရှိပြီး ကျပ်ငွေ (၃၉၁,၀၀၀)နဲ့ ဘတ်ငွေ(၅,၀၅၀)ဘတ်လှူဒါန်းထားတဲ့ MRTV ရဲ့ ပဒေသာပင်က ဒုတိယဆုရရှိသလို ငွေ ကျပ် (၅၁၀,၀၀၀) လှူဒါန်းထားတဲ့ ဂေါ်ရခါးလူမှုကူညီရေးအသင်းရဲ့ပဒေသာပင်က တတိယဆု ရရှိသွားတာဖြစ်ပါတယ်။
၂၀၁၈ ခုနှစ် စုပေါင်းမဟာဘုံကထိန်မှာ ဌာနဆိုင်ရာအသီးသီးနဲ့ မြို့သူမြို့သားတွေ၊ လူမှုရေးအသင်းအဖွဲ့တွေနဲ့ နိုင်ငံရေးပါတီတွေ စုပေါင်းလှူဒါန်းတဲ့ ပဒေသာပင် (၈၉)ရဲ့ စုစုပေါင်းတန်ဖိုးဟာ ကျပ် (၂၈,၂၇၈,၄၄၃) နဲ့ ထိုင်းဘတ်ငွေ (၇၆၃၅၂၄)ဘတ်ရှိပါတယ်။
ဒီပဒေသာပင်တွေကို တာချီလိတ်မြို့နယ်အတွင်းက ကထိန်ရပြီးသားကျောင်းတိုက်ပေါင်း (၅၇)ကျောင်းကို တစ်ကျောင်းကို ပဒေသာပင်(၁)ပင်နှုန်း မဲနှိုက်လှူဒါန်းမှာဖြစ်ပြီးတော့ ကထိန်မရသေးတဲ့ ကျောင်းတိုက် (၁၁)ခုမှာ ကထိန်ခင်းပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
တင်ဆက် - ကိုဇောင်း
ရိုက်ကူး - ချယ်ရီထိုက် ၊ ဆန်းဖြိုးထွန်း