**************
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ ရှမ်းရိုးမကွင်းတွင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၃၁)ရက်နေ့ ညနေက အခြေခံပညာအထက်တန်းကျောင်း (တာချီလိတ်)ကျောင်းသားကျောင်းသူဟောင်းများက အငြိမ်းစားယူသွားသည့် ဆရာ၊ဆရာမ (၂၁)ဦးကို ပူဇော်ကန်တော့ပွဲကျင်းပသည်။
တာချီလိတ်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၁၉၆၀ ခုနှစ်အတွင်းမှ ၂၀၁၁ ခုနှစ်အတွင်း တာဝန်ထမ်းဆောင်ခဲ့ပြီး အငြိမ်းစားယူသွားခဲ့ကြသည့် ဆရာကြီး၊ဆရာမကြီးများ ဖြစ်ကြသော ဦးဖိုးသိန်းရှင်၊ ဦးမောင်ငယ်၊ ဒေါ်ခင်မေနွဲ့၊ ဦးစိုင်းတစ်လုံ၊ ဦးစိန်လွင်၊ ဦးကိုကိုကြီး၊ ဒေါ်မြရွှေ၊ ဦးရာချိန်၊ ဦးလှရှယ်၊ ဦးခင်မောင်၊ ဒေါ်မိုင်းရာပွန်း၊ ဒေါ်ခမ်းမွန်း၊ ဦးဒါးလီယို၊ ဒေါ်ခင်မေဝင်း၊ ဒေါ်ခင်ခင်ရီ၊ ဒေါ်တင်ဝင်းရီ၊ ဒေါ်နန်းခင်စိန်၊ ဦးစောလှိုင်၊ ဦးကျော်သိန်း၊ ဦးကျော်သူနှင့် ဦးခင်မောင်မြင့်တို့အား ဖိတ်ကြား၍ ကန်တော့ကြခြင်းဖြစ်သည်။
အငြိမ်းစားဆရာ၊ဆရာမကြီးများအား ပူဇော်ကန်တော့ပွဲကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၃၁)ရက်နေ့ ညနေ (၅)နာရီမှ (၆)နာရီအထိ ကျင်းပခြင်းဖြစ်ပြီး ကျောင်းသားကျောင်းသူဟောင်းများက ကန်တော့ချိုးဖြင့် ကန်တော့ခြင်း၊ ကန်တော့ငွေများ ပေးအပ်ခြင်း၊ ဆရာ၊ဆရာမများကို ကျွေးမွေးဧည့်ခံခြင်းတို့ဖြင့် အခမ်းအနားအား ကျင်းပခြင်းဖြစ်သည်။
Tachileik News Agency